ဝူဗာဟန်တန်ကို အိမ်ကွင်းအမ်းမရိတ်မှာ နောက်ကျသွင်းဂိုးတွေနဲ့အတူအနိုင်ရခဲ့ပြီးနောက် ဖေဖော်ဝါရီဟာ အသင်းနဲ့ ပရိသတ်တွေအတွက်တော့ ပျော်ရွှင်စရာ ရာနှုန်းပြည့်ရှိခဲ့တဲ့ လတစ်လဖြစ်ခဲ့ပါတယ်။ ရာနှုန်းပြည့်အနိုင်ရလဒ်တွေနဲ့ ဖေဖော်ဝါရီကို ပြည်ဖုံးကားချနိုင်ခဲ့တဲ့အတွက် အသင်းရဲ့ ချန်ပီယံလိဂ်၀င်ခွင့်အတွက် မျှော်လင့်ချက်ရောင်ခြည်ဟာ ပိုမိုတောက်ပလာခဲ့ပါတယ်။
ဝူဗာဟန်တန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အမှားအနည်းငယ်တော့ ရှိခဲ့ပေမယ့် ကောင်းမွန်တဲ့အရာတွေကို အများကြီးမြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဒီပွဲစဉ်ကနေ တွေ့ရှိခဲ့ရဲ့ စိတ်၀င်စားဖွယ်အချက် ၄ချက်ကတော့
(၁) အမှားတွေကို ပြန်လည်ချေဖျက်ပြနိုင်ခဲ့တဲ့ လာကာဇက်
ကပ္ပတိန်ကြီးဟာ ပွဲချိန်မိနစ်ကိုးဆယ်အတွင်း ရခဲ့တဲ့ အခွင့်အရေးအချို့ကို ဖြုန်းတီးခဲ့တာဟာ ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပေမယ့် အချိန်ပို နောက်ဆုံးမိနစ်မှာတော့ အသင်းအတွက် လိုအပ်နေတဲ့အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ နှမြောစရာကောင်းတာတစ်ခုကတော့ လာကာရဲ့သွင်းဂိုးဟာ ဝူဗာဟန်တန်ကစားသမားနဲ့ထိသွားခဲ့တယ်ဆိုပြီး နောက်ပိုင်းမှာ OGအဖြစ် သတ်မှတ်ခံလိုက်ရတာပါပဲ။
တကယ်လို့ ဒီပွဲကိုသာ အနိုင်မရခဲ့ရင် တရားခံအဖြစ် အားလုံးရဲ့ လက်ညှိုးတွေဟာ လာကာဇက်ဆီကို ရောက်ရှိလာခဲ့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမိနစ်နောက်ဆုံး စက္ကန့်သွင်းဂိုးနဲ့အတူ အမ်းမရိတ်မှာ အမြှောက်သံတွေကို ဆူညံစေခဲ့တာကြောင့် အသင်းခေါင်းဆောင်ကြီးဟာ ဗီလိန်ဖြစ်လုနီးပါးအဖြစ်ကနေ အသင်းရဲ့သူရဲကောင်းဖြစ်လာခဲ့ပါတယ်။
(၂) တိုက်ပွဲ၀င်စိတ်ဓာတ်ကို ပြသခဲ့တဲ့ အသင်းသားများ
ဝူဗာဟန်တန်နဲ့ ပထမအကျော့ တွေ့ဆုံခဲ့စဉ်က တစ်ယောက်လျော့အနေအထားနဲ့ ဒုတိယပိုင်းယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံးမိနစ်အထိ ရရှိထားတဲ့ ဦးဆောင်ဂိုးကို မဆုံးရှုံးအောင် ကြံ့ကြံ့ခံရင်း အသင်းရဲ့ တိုက်ပွဲ၀င်စိတ်ကို ပြသနိုင်ခဲ့ပါတယ်။
ဒုတိယအကျော့ အိမ်ကွင်းအမ်းမရိတ်မှာ ဝူဗာဟန်တန်ကို လက်ခံယှဉ်ပြိုင်ရချိန်မှာလည်း ဂါဘရီယယ်ရဲ့အမှားကနေ မမျှော်လင့်ပဲ ခွင့်ပြုလိုက်ရတဲ့ သွင်းဂိုးကြောင့် ကစားပွဲဟာ ပိုမိုခက်ခဲလာခဲ့ပါတယ်။ ပွဲချိန်မိနစ်ရှစ်ဆယ်အထိ ရှုံးနိမ့်နေခဲ့ပေမယ့် အသင်းဟာ အနိုင်ရဖို့အတွက်ကို နောက်ဆုံးမိနစ်တွေအထိ တိုက်ပွဲ၀င်ခဲ့ပြီး ပေပေရဲ့ ၈၂မိနစ်သွင်းဂိုး၊ လာကာဇက်တီရဲ့ အချိန်ပို၅မိနစ်သွင်းဂိုးတွေနဲ့အတူ အနိုင်သုံးမှတ်ကို ထိုက်ထိုက်တန်တန်ရယူခဲ့ပါတယ်။
ဒီရာသီမှာ ကစားခဲ့တဲ့ ပွဲစဉ်တွေထဲမှာ ဒီပွဲစဉ်မှာ အသင်းရဲ့ အပြင်းထန်ဆုံး တိုက်ပွဲ၀င်စိတ်ဓာတ်ကို မြင်တွေ့ ခဲ့ရတာပဲဖြစ်ပါတယ်။
(၃) အကောင်းဆုံး လူစား၀င်ကစားသမား ပေပေ
ဒီနေ့ပွဲစဉ်မှာတော့ ပေပေဟာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပရိသတ်တွေမြင်အောင်ပြသနိုင်ခဲ့ပါတယ်။ အသင်းရှုံးနိမ့် နေချိန် ပွဲချိန်မိနစ် ၇၁မှာ လူစား၀င်လာခဲ့ပြီး ဆယ်မိနစ်အကြာမှာပဲ အန်ကတ်တီးယားပေးပို့ခဲ့တဲ့ ဘောလုံးကို လှလှပပထိန်းယူပြီး ချေပဂိုးသွင်းယူပေးခဲ့သလို အသင်းရဲ့နောက်ဆုံးမိနစ်သွင်းဂိုးကိုလည်း သူပဲ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
အသင်းရဲ့ အမြင့်မားဆုံး ပြောင်းရွှေ့ကြေးနဲ့ကစားသမား၊ ပရိသတ်တွေရဲ့ ဝေဖန်အခံရဆုံး ကစားသမားဟာ ဒီနေ့ပွဲစဉ်မှာတော့ ပြောစရာမရှိအောင်ကောင်းခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ကျွန်တော်တို့အားလုံး ဒီတစ်ကြိမ်မှာတော့ ပေပေအတွက် လက်ခုပ်တီး ဂုဏ်ပြုပေးရမှာ ဖြစ်ပြီး နောင်လက်ကျန်ပွဲစဉ်တွေမှာလည်း။သူ့ဆီကနေ ဒီလိုခြေစွမ်းတွေကို မြင်တွေ့ခွင့်ရဖို့ မျှော်လင့်ရမှာပါ။
(၄)အသင်းရဲ့ ၁၂ယောက်မြောက်ကစားသမား သို့မဟုတ် အမ်းမရိတ်က လူအုပ်ကြီး
အသင်းရဲ့အနိုင်ရလဒ်အတွက် မရှိမဖြစ်အရေးပါခဲ့တဲ့ ကစားသမားတစ်ဦးကိုလည်း မေ့ထားလို့တော့မဖြစ်ပါဘူး။ အဲ့ဒီကစားသမားကတော့ အသင်းရဲ့ ၁၂ယောက်မြောက်ကစားသမားလို့ တင်စားရတဲ့ ပရိသတ်တွေပါပဲ။ဒီပွဲစဉ်ကို အမ်းမရိတ်ရဲ့ ပရိသတ်တွေမပါပဲ အသင်းဟာ အနိုင်မရနိုင်ခဲ့ပါဘူး။
လက်ရှိရာသီ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းပွဲစဉ်တိုင်းမှာ
ပရိသတ်တွေရဲ့ အားပေးခဲ့မှုဟာ တကယ်ကို အံ့ဩဖို့ကောင်းလှပါတယ်။ အသင်း ရှုံးနိမ့်နေချိန်မှာတောင် ပရိသတ်တွေဟာ စိတ်ပျက်မနေပဲ အားပေးသံတွေ၊သီချင်းသံတွေ၊လက်ခုပ်သံတွေနဲ့အတူ အသင်းရဲ့နောက်မှာ သူတို့ရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်။
ပရိသတ်တွေရဲ့ ခုလိုအားပေးမှုတွေကြောင့် အမ်းမရိတ်ဟာ ပြိုင်ဘက်တွေအတွက် ကြောက်စရာကောင်းတဲ့ ကစားကွင်းတစ်ခုဖြစ်လာခဲ့ပြီး အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်၀င်ခွင့်တိုက်ပွဲအတွက် အတောင့်တင်းဆုံးခံတပ်တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။
Leave a Reply