၆၀% ပိုများတဲ့ လုပ်အားခနှုန်းထားနဲ့ စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိတဲ့ အာတီတာ
The Sun သတင်းစာရဲ့ဖော်ပြချက်အရ မီခေးအာတီတာကို အသင်းဖက်က ၃ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုသွားဖို့ရှိပြီး ၊ ယင်းစာချုပ်ဟာ ပေါင် ၂၅ သန်းခန့်တန်ကြေးရှိတယ်လို့သိရပါတယ်။ အာတီတာရဲ့ အသင်းကိုတည်ဆောက်ပုံနဲ့အခြားသောစွမ်းဆောင်ရည်တွေကို ပိုင်ရှင်တွေဖက်က သဘောကျနေတယ်လို့ဆိုပါတယ်။ အာတီတာဟာ လက်ရှိမှာ တစ်နှစ်ကို ၅ သန်းခန့်ရရှိနေပြီး ထိုပမာဏဟာ ဘရန်ဒန်ရော်ဂျာရဲ့ ထက်ဝက် ၊ ဂွာဒီယိုလာရဲ့ ၄ပုံ၁ပုံ ပမာဏဖြစ်တယ်လို့ အဆိုပါသတင်းမှာဖော်ပြထားပါတယ်။
နိုင်းလ်စ်နဲ့ပတ်သတ်ပြီး စိတ်ပြောင်းလာပုံရတဲ့ ရိုးမား
ရိုးမားအသင်းဟာ အာဆင်နယ်ကနေ အငှားလာရောက်ကစားနေတဲ့ နိုင်းလ်စ်ကို အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းဖွယ်မရှိနေတာ့ဘူးလို့ Daily Cannon သတင်းဌာနက ဖော်ပြလာပါတယ်။ နည်းပြမော်ရင်ဟိုကလည်း နိုင်းလ်စ်အနေနဲ့ အသားတကျမရှိသေးတာကို ဝန်ခံပြောကြားခဲ့ပြီးတဲ့နောက် အခုလိုသုံးသပ်ဖော်ပြလာကြတာဖြစ်ပါတယ်။ နိုင်းလ်စ်ဟာ ရိုးမားအသင်းမှာ ၆ ကြိမ်ပွဲထွက် ၊ ၁ ကြိမ်လူစားဝင်ကစားထားပြီး သွင်းဂိုးနဲ့ဖန်တီးမှုတော့မပြုလုပ်နိုင်သေးပါဘူး။
ကတ်ဖီကို ချီးကျူးတဲ့ လင်ကွန်းစီးတီး နည်းပြ
အာဆင်နယ်ရဲ့ အငှားချလူငယ်တစ်ဦးဖြစ်တဲ့ နောက်ခံလူ နော်တွန်ကတ်ဖီကတော့ အခုရက်ပိုင်းမှာ မှတ်ချက်ကောင်းတွေကို ဆက်တိုက်ရရှိနေပါတယ်။ အခုအချိန်အထိ သွင်းဂိုးနဲ့ပံ့ပိုးမှုတွေမပြုလုပ်နိုင်သေးပေမယ့် ပွဲထွက်ကစားခွင့်ရတဲ့ ပွဲမှာ ကစားပုံကောင်းမွန်ပြီး ဂိုးတစ်ဂိုးဖန်တီးပေးနိုင်လုနီးပါးဖြစ်ခဲ့ပါတယ်။ ဝိုင်ကွမ်ဘီနဲ့ပွဲကခြေစွမ်းနဲ့ပတ်သတ်ပြီး အက်ပဲလ်တန်က “ ကတ်ဖီရဲ့ တိုက်စစ်လိုက်ပါမှုက အသင်းအတွက် တော်တော်လေးအကျိုးပြုနိုင်တာပါ။ သူကအစောပိုင်းမှာတော့စိတ်လှုပ်ရှားနေပုံပဲ။ ဒါပေမယ့် ပွဲဦးထွက်ပဲမဟုတ်လား .. သူတဖြေးဖြေးနဲ့ပိုကောင်းလာမှာပါ “ လို့မှတ်ချက်ပေးသွားခဲ့ပါတယ်။
ဆိုဆာကို အပြိုင်စိတ်ဝင်စားနေကြတဲ့ စပါးနဲ့ အာဆင်နယ်
တန်းဆင်းဇုန်း အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ဘွန်ဒက်လီဂါ ကလပ်စတုဂတ်အသင်းဟာ ရာသီကုန်မှာ ကစားသမားများစွာကို လက်လွှတ်ရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာလည်း အသင်းရဲ့ ခရိုအေးရှားကွင်းလယ်လူ ဘိုနာဆိုဆာကို ပေါင် ၂၅ သန်းခန့်နဲ့ခေါ်ယူဖို့ စောင့်ကြည့်နေကြတယ်လို့ HITC ကဖော်ပြသွားပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းကနေ အငှားနဲ့သွားကစားနေတဲ့ မာဗရိုပါနို့စ်ဟာလည်း အကယ်၍တန်းဆင်းခဲ့ရမယ်ဆိုပါက စတုဂတ်ကို အပြီးပြောင်းရွှေ့ဖို့ အစီအစဥ်က ပျက်ပြယ်သွားဖွယ်ရှိနေပါတယ်။
လူငယ်အသင်းမှာ ပွဲချိန်ပြည့်ကစားနေပြီဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ်နောက်ခံလူကို အာဆင်နယ်က ပရိုစာချုပ်ချုပ်ဆို
အာဆင်နယ်အသင်းဟာ အသက် ၁၇ နှစ်အရွယ်နောက်ခံကစားသမားလေး ရူဝဲလ် ဝေါလ်တားစ်ကို ပရိုဖက်ရှင်နယ်စာချုပ် ချုပ်ဆိုသွားကြောင်းကို တရားဝင်ကြေငြာသွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ အလွတ်ပြောင်းရွေ့လာခဲ့တဲ့ လူငယ်လေးဟာ အသင်းမှာစပြီးပါဝင်ကစားစဥ်ကတည်းက U23 အသင်းရဲ့ အဓီက ကစားသမားဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ပွဲတိုင်းကို အချိန်ပြည့်ကစားထားရသူဖြစ်ပါတယ်။ ဝေါလ်တာက “ အခုလိုအခွင့်အရေးတွေရနေတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်ဗျာ … အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့အတူ ပိုကောင်းလာဖို့ ကြိုးစားသွားမှာပါ။ အမြင့်ဆုံးပန်းတိုင်ကတော့ ပထမအသင်းကြီးဆီမှာ အကြာကြီးကစားသွားရဖို့ပါပဲ “ လို့ ပြောဆိုသွားခဲ့ပါတယ်။
Leave a Reply