မြက်ခင်းစိမ်းပေါ်က ရှင်သန်နေဆဲ ဂန်းနားဟောင်းများ

အသက်အရွယ်တွေ ကြီးမြင့်လာပေမယ့်လည်း ဘောလုံးကို ချစ်မြတ်နိုးတဲ့ စိတ်နဲ့ လက်ရှိအချိန်ထိ မြက်ခင်းစိမ်းတွေပေါ်မှာ ပြေးလွှားနေတဲ့ အာဆင်နယ်ကစားသမားဟောင်းကြီးတွေရဲ့ နာမည်အချို့ကို ကြားလိုက်ရရင် ပရိသတ်တွေအတွက် အံ့အားသင့်စရာ ဖြစ်နိုင်ပါတယ်။ 

အချို့ကစားသမားတွေဟာ အသင်းမှာ အချိန်အကြာကြီး ဖြတ်သန်းခွင့်မရခဲ့ပေမယ့် အတူရှိခဲ့ကြဖူးတဲ့ ကောင်းမွန်တဲ့ အမှတ်တရအချို့ကြောင့် ပရိသတ်တွေအမြဲ သတိရနေမယ့် ကစားသမားတွေပဲ ဖြစ်ပါတယ်။‌ ဘောလုံးလောက‌ကနေ အနားမယူသေးတဲ့ ဂန်းနားဟောင်းကြီးတွေကတော့ 

လူးကပ်စ် ပိုဒေါစကီး  

ပြင်းထန်တဲ့ ဘယ်ခြေကန်ချက်တွေနဲ့ သွင်းဂိုးတွေ ရယူတတ်တဲ့ ဂျာမနီသားကြီးကို ပရိသတ်တွေ မှတ်မိကြဦးမယ်ထင်ပါတယ်။ ပိုဒေါစကီးဟာ ၂၀၁၂နွေရာသီမှာ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့ပြီး ၈၂ပွဲ ပါ၀င်ကစားခဲ့ကာ သွင်းဂိုး ၃၁ဂိုး ရယူပေးခဲ့ပါတယ်။ 

၂၀၁၄-၁၅ရာသီမှာတော့  အသင်းမှာ ပွဲထွက်ကစားခွင့်ဆုံးရှုံးနေတာနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောလာခဲ့‌တဲ့နောက်မှာ အမ်းမရိတ်ကိုစွန့်ခွာခဲ့ရပါတယ်။ အခု လက်ရှိ အခြေအနေအပေါ် ကျွန်တော်မပျော်ပါဘူး။ ကျွန်တော် ဒါ(ပွဲထွက်ခွင့်မရတဲ့အပေါ်)နဲ့ စိတ်မကျေနပ်နိုင်ပါဘူး။ကိုယ်ချစ်မြတ်နိုးတဲ့အရာကို လုပ်ခွင့်မရှိတာဟာ ခက်ခဲပါတယ် လို့ ပိုဒေါစကီးကပြောခဲ့ပါတယ်။ 

အဲ့ဒီနောက် ဇန်နဝါရီမှာ  ပိုဒေါစကီးဟာ အင်တာမီလန်ကို အငှားထွက်ကစားခဲ့ပြီး ရာသီကုန်မှာ‌တော့ ဂါလာတာဆာရေးကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဂျပန်၊ တူရကီတို့ကို ပြောင်းရွှေ့ကစားခဲ့ပြီး လက်ရှိမှာတော့ ပိုလန်မှာရှိတဲ့ အသင်းတစ်သင်းမှာ ကစားနေပါတယ်။ 

အဲလက်စ်ဆောင်း 

အလက်ဇန်းဒါးဆောင်းဟာ ပက်ထရစ်ဗီအဲရာကို နေရာကို အစားထိုးဖို့ အာဆင်နယ်ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ပါတယ်။‌၂၀၀၅ခုနစ်က ဘတ်စ်စတီးယားကနေ ကနဦးအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး နောက်နှစ်မှာတော့ အာဆင်နယ်က သူ့ကို အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ အာဆင်နယ်အတွက် ၂၀၅ပွဲ ကစားခဲ့တဲ့ ဆောင်းဟာ ဗန်ပါစီနဲ့ တွဲဖက်ညီခဲ့သူဖြစ်ပြီး ဟော်လန်သားကြီးအတွက် ဂိုးဖန်တီးမှု၂၃ကြိမ်အထိပြုလုပ်ပေးခဲ့ပါတယ်။ 

၂၀၁၂ခုနစ်မှာတော့ ဆောင်းဟာ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့ပြီး စပိန်မြေမှာတော့ ပွဲထွက်ခွင့်အများအပြားမရခဲ့ပါဘူး။၂၀၁၄-၁၅နဲ့ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီတွေမှာ ၀က်စ်ဟမ်းအသင်းကို အငှားစာချုပ်နဲ့ ပြောင်းလာခဲ့ပြီး လက်ရှိမှာတော့ Arta Solar 7ဆိုတဲ့ Djibouti ပရီးမီးယားလိဂ်ကလပ်မှာ ကစားနေပါတယ်။ 

ဆန်တီကာဇိုလာ 

ဘယ်သန်လား၊ညာသန်လားဆိုတာ အာဆင်၀င်းဂါးတောင် ခွဲမရခဲ့တဲ့ ကွင်းလယ်မှော်ဆရာလေး ကာဇိုလာကို ပရိသတ်တွေ အမှတ်တရ ရှိကြဦးမှာပါ။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲ တစ်ဦးဖြစ်ခဲ့တဲ့ ကာဇိုလာဟာ ဒဏ်ရာပြဿနာတွေသာ မရှိခဲ့ရင် အမ်းမရိတ်မှာ ဒီထက်ပိုပြီး တောက်ပနိုင်ခဲ့မှာဖြစ်ပါတယ်။ 

၀င်းဂါးက သူမြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံးလို့ဆိုခဲ့ရလောက်အောင် စပိန်သားရဲ့ ဒဏ်ရာဟာပြင်းထန်ခဲ့ပြီး သူ့ရဲ့ခြေထောက်မှာ သတ္တုပြားတစ်ပြားပါ တပ်ဆင်ခဲ့ရပါတယ်။ 

ဒါပေမယ့်လည်း ကာဇိုလာဟာ အရှုံးမပေးခဲ့ပဲ အသင်းဟောင်း ဗီလာရီးရဲလ်ကို ပြောင်းရွှေ့ခဲ့ကာ ကစားသမားဘ၀ကို ရှေ့ဆက်ခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ အသက်၃၇နှစ်ရှိပြီဖြစ်တဲ့ ကာဇိုလာဟာ ကာတာကလပ် Al Sadd မှာ ကစားနေပါတယ်။ 

ကလစ်ချီ 

၂၀၀၆ခုနစ်မှာ အက်ရှ်လေးကိုး အာဆင်နယ်ကနေ ထွက်ခွာပြီးနောက် နောက်တန်းဘယ်အစွန်မှာ နေရာရလာခဲ့တဲ့ ကလစ်ချီဟာ အာဆင်၀င်းဂါးရဲ့လက်အောက် အားထားရတဲ့၊ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းနဲ့အတူ ၂၆၄ပွဲကစားခဲ့တဲ့ ကလစ်ချီဟာ နောက်ပိုင်းမှာတော့ အားလုံးသိတဲ့ အတိုင်း မန်စီးတီအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဂွာဒီယိုလာရောက်လာပြီး‌နောက်မှာတော့ ကလစ်ချီမှာ ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ရပြီး အသင်းကနေ ထွက်ခွာခဲ့ရပါတယ်။အသက်၃၆နှစ်ရှိပြီဖြစ်တဲ့ ကလစ်ချီဟာ လက်ရှိမှာ ဆွစ်ဇာလန်ကလပ် ဆာဗက်တီမှာ ၂၀၁၈ကတည်းက စ‌ကစားခဲ့ပြီး ရာသီကုန်မှာတော့ သူ့ရဲ့စာချုပ်သက်တမ်းကလည်း ကုန်လွန်တော့မှာ ဖြစ်ပါတယ်။ 

ဂျန်ကင်ဆန် 

ဂျန်ကင်ဆန်ဟာ သူကိုယ်တိုင်ကော၊သူ့မိသားစုကပါ အာဆင်နယ်အသင်းရဲ့ အမာခံပရိသတ်တွေဖြစ်တာကြောင့် အမ်းမရိတ်မှာ ဂန်းနားယူနီဖောင်းကို ၀တ်ဆင်ခွင့်ရတာဟာ သူ့အတွက်၊ သူ့မိသားစု၀င်တွေအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အာဆင်နယ်ကစားသမားဘ၀ကတော့ ထင်သလောက်မလွယ်ကူခဲ့ပဲ အသင်းမှာ ရှိနေခဲ့တဲ့ ရှစ်နှစ်တာ ကာလအတွင်း ပွဲ၇၀သာ ကစားခွင့်ရခဲ့ပါတယ်။ 

ပုံမှန်ပွဲထွက်ခွင့်ရဖို့ ဂျန်ကင်ဆန်မှာ ၀က်စ်ဟမ်းကို နှစ်ရာသီကြာ အငှားထွက်ကစားခဲ့ပြီး ၂၀၁၈မှာတော့ နော်တင်ဟန်ဖောရက်စ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။လက်ရှိမှာတော့ မဲလ်ဘုန်းစီးတီးအသင်းကို ဂျန်ကင်ဆန်ဟာ အငှားထွက်ကစားနေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: