ဘရန့်ဖို့ဒ်နဲ့ပွဲစဥ်အပြီးမှာ စမစ်ရိုးရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးဟာ ကိုးဂိုးအထိရှိလာပြီး ဒီသွင်းဂိုးအရေအတွက်ဟာ အခြားသော ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ စီရော်နယ်ဒို၊ ဆွန်ဟောင်မင်နဲ့ မာနေးတို့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်နဲ့ တူညီနေပါတယ်။ စမစ်ရိုးဟာ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း ဂိုးသွင်းဖို့ အခွင့်အရေးရလာတိုင်း သေသေသပ်သပ်နဲ့ အဆုံးသတ်နိုင်စွမ်းရှိသလို ပြိုင်ဘက်နောက်တန်းနဲ့ ကွင်းလယ်ကြားက နေရာလွတ်တွေကိုလည်း ရှာဖွေနိုင်သူဖြစ်ပါတယ်။ ပွဲထွက်လူစာရင်းမှာ ပါ၀င်ခဲ့ခြင်းမရှိရင်တောင် လူစား၀င်ကစားခွင့်ရတဲ့အချိန်တွေမှာ သွင်းဂိုးတစ်ဂိုးကို ရအောင်ရှာဖွေ နိုင်စွမ်းရှိသူဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်ကို စမစ်ရိုး၊ ဆာကာတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းရဲ့ ချန်ပီယံလိဂ်၀င်ခွင့်အိပ်မက်ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ တောက်ပနေဆဲပါပဲ။ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်၀င်ခွင့်တိုက်ပွဲရဲ့ အရှုံးအနိုင်ရလဒ်အတွက် သော့ချက်ဟာ စမစ်ရိုးဖြစ်တယ်လို့ 90minရဲ့ ဆောင်းပါးရှင် Craig Vickers က ဆိုလာခဲ့ပါတယ်။
စမစ်ရိုးလိုအပ်နေတဲ့ တစ်ခုတည်းသော အရာကတော့ ပွဲထွက်ခွင့်မိနစ်တွေပဲဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မတိုင်မီမှာ အာဆင်နယ်ရဲ့ နောက်ဆုံးခုနစ်ပွဲမှာ တစ်ပွဲသာ ပွဲထွက်လူစာရင်းမှာပါ၀င်ခွင့်ရခဲ့ပါတယ်။

ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ပါ၀င်ခွင့်ရခဲ့တာကလည်း မာတင်နယ်လီရဲ့ပွဲပယ်ပြစ်ဒဏ်ကြောင့်သာဖြစ်ပါတယ်။ မာတင်နယ်လီနဲ့ စမစ်ရိုးတို့နှစ်ယောက်လုံးဟာ အသင်းရဲ့ဘယ်ခြမ်းတိုက်စစ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်သူတွေဖြစ်ပြီး မတူညီတဲ့ အားသားချက်တွေနဲ့ ကစားသမားတွေဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မတိုင်မီမှာ မာတင်နယ်လီမပါရင် အသင်းရဲ့ ညာခြမ်းတိုက်စစ်အားနည်းနိုင်တယ်လို့ ထင်ခဲ့ကြပေမယ့် စမစ်ရိုးရဲ့ ခြေစွမ်းပြခဲ့မှုကြောင့် နောက်လာမယ့်ပွဲစဉ်တွေမှာ မာတင်နယ်လီနဲ့ စမစ်ရိုး ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ အာတီတာအတွက် ဝေခွဲရခက်စေတော့မှာပါ။
ဘရာဇီးလ်သားရဲ့ လုပ်အားနှုန်းကလည်း အသင်းအတွက်အရေးပါသလို စမစ်ရိုးရဲ့ ဂိုးသွင်းနှုန်းကလည်း ငြင်းပယ်ဖို့မဖြစ်နိုင်ပါဘူး။ အသင်းရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ လာကာဇက်၊ အန်ကက်တီးယားတို့ရဲ့ ဂိုးခေါင်မှု ပြဿနာအတွက် စမစ်ရိုးက အဖြေတစ်ခုဖြစ်လာနိုင်ပါတယ်။
ဒီနေရာမှာ ပြဿနာတစ်ခုရှိပြန်တာက စမစ်ရိုးကို အသင်းရဲ့ ဘယ်နေရာမှာ နေရာပေးမလဲဆိုတာပါပဲ။ မာတင်နယ်လီရဲ့ လုပ်အားနှုန်း၊ ပြေးအား၊ ရုန်းအားတွေက ညာတောင်ပံတိုက်စစ်မှာ အလွန်အရေးပါသလို ညာခြမ်းတိုက်စစ်မှာလည်း ဆာကာရဲ့ အခန်းကဏ္ဍက မရှိမဖြစ်ပါပဲ။ ကွင်းလယ်မှာလည်း အိုဒီဂတ်၊ ရှာခါ၊ ပါတေးတို့က အစားထိုးလို့မရတဲ့ ကစားသမားတွေဖြစ်တာကြောင့် စမစ်ရိုးကို ဘယ်နေရာမှာ ကစားစေမလဲဆိုတာက အာတီတာအတွက် ခေါင်းခြောက်စရာ ပုစ္ဆာတစ်ခုပဲဖြစ်နေပါတယ်။
Leave a Reply