ဆာကာနဲ့စမစ်ရိုးတို့အတွက် ဂုဏ်ယူမိကြောင်းပြောလာတဲ့ ဗလင်စီယာကွင်းလယ်လူ
အာဆင်နယ်လူငယ်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ လက်ရှိဗလင်စီယာကွင်းလယ်ကစားသမားယူနက်စ်မူဆက်ရှ်က တချိန်တုန်းကအသင်းဖော်တွေဖြစ်ကြတဲ့ ဆာကာနဲ့စမစ်ရိုးတို့ရဲ့အောင်မြင်မှုတွေအပေါ် ဝမ်းမြောက်ကြောင်းပြောဆိုလာပါတယ်။ အသက် ၁၉ နှစ်အရွယ် အမေရိကန်ကစားသမားက “ ကျွန်တော်လဲ တစ်ချိန်တုန်းက အိုဇေးလ် နဲ့ ဂျီရူးတို့လိုကစားသမားတွေကို သဘောကျပြီးကြီးပြင်းလာခဲ့တာပါ။ အာဆင်နယ်အသင်းမှာကစားနေရင်းပိုမိုမြင့်မားတဲ့ကစားသမားဘဝအတွက်လဲကြိုးစားခဲ့ပါတယ်။ ဆာကာနဲ့ အီမီးလ်တို့ဟာ ကျွန်တော့်ကစားဖော်တွေပေါ့။ သူတို့အခုလိုအောင်မြင်နေတာကိုတွေ့တော့ အရမ်းဝမ်းသာမိပါတယ်။ ဒါပေမယ့် ဗလင်စီယာကိုပြောင်းလာဖြစ်တဲ့ဆုံးဖြတ်ချက်အတွက်လဲ နောင်တမရမိပါဘူး၊ ဒီမှာကျွန်တော်အဆင်ပြေနေပါတယ် “ ဆိုပြီး The Sun နဲ့တွေ့ဆုံစဥ်မှာပြောဆိုလာခဲ့ပါတယ်။
မစ်ဒယ်ဘရော့ကစားသမားကို အာဆင်နယ်အပါအဝင် အသင်းကြီးတွေအပြိုင်စိတ်ဝင်စားနေကြ
အာဆင်နယ်အသင်းဟာ မစ်ဒယ်ဘရော့အသင်းရဲ့ နောက်ခံအစွန်လူ အီဆီယာဂျုံးစ်ကို စိတ်ဝင်စားနေတယ်လို့ Team Talk က ဖော်ပြလာပါတယ်။ အဆိုပါအသက် ၂၂ အရွယ်နောက်ခံလူဟာ ဒီရာသီမှာ ဘိုရိုတို့အတွက် ၁ဂိုးသွင်း ၊ ၈ကြိမ်ဖန်တီးပေးထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးရသတင်းများအရ အဆိုပါကစားသမားကို အက်သလက်တီကိုမက်ဒရစ် ၊ လိုင်ယွန် ၊ ရိုးမား နဲ့ စပါးအသင်းတို့ကလဲ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။
အူဘာရဲ့ဟက်ထရစ်ကို ဂုဏ်ပြုပေးခဲ့ကြတာ အာဆင်နယ်ကစားဖော်များ
အာဆင်နယ်ကစာသမားများဖြစ်ကြတဲ့ လာကာဇက်နဲ့ ဟိုးဒင်းတို့ဟာ ကစားဖော်ဟောင်း အူဘာမီယန်ရဲ့ အောင်ပွဲအတွက် ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ အူဘာမီယန်ဟာ သူ့ရဲ့ လာလီဂါပွဲဦးထွက်မှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာကာနည်းပြဇာဗီကလည်း အူဘာဟာ ဘဝတစ်လျှောက်လုံးဂိုးတွေသွင်းပေးခဲ့သူဖြစ်ကြောင်း၊ နောက်ထပ်အကောင်းဆုံးတွေကိုမျှော်လင့်ထားကြောင်းပြောဆိုသွားခဲ့ပါတယ်။
စမစ်ရိုးကို ရထားတာ အာတီတာကံကောင်းတာ လို့ ကစားသမားဟောင်းပြော
နယူးကာဆယ်ဂိုးသမားဟောင်းရှေးဂစ်ဗင်က စမစ်ရိုးကို ပိုင်ဆိုင်ထားရတာဟာ အာတီတာအတွက် အလွန်ကံကောင်းကြောင်း မှတ်ချက်ပေးပြောဆိုသွားခဲ့ပါတယ်။
“ သူကသိပ်ပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ကစားသမားလေးပါ။ အနာဂတ်ကြီးကြီးမားမားကလဲ သူ့ရှေ့မှာရှိနေပါတယ်။ ဂိုးသမား ရာယာကတော့ ပေးလိုက်ရတဲ့ဂိုးအတွက်စိတ်ညစ်ချင်ညစ်နေမှာပေါ့။ ဒါပေမယ့် အာဆင်နယ်ကတော့ ဝမ်းသာနေပါလိမ့်မယ်။ သူတို့က အဆင့် ၄ အတွက်လမ်းပွင့်နေပါပြီ “ ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
အိုဒီဂတ်ကို ထုတ်ဖော်ချီးကျူးတဲ့ အာတီတာ
နည်းပြအာတီတာဟာ အိုဒီဂတ်ရဲ့ခေါင်းဆောင်မှုအရည်အသွေးကို ချီးကျူးသွားခဲ့ပြီး အနာဂတ်အသင်းခေါင်းဆောင်အလားအလာကို အရိပ်အမြွက်ပြောကြားသွားခဲ့ပါတယ်။
“ သူ့ရဲ့အရည်အသွေးနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ သံသယလုံးဝမရှိပါဘူး။ သူက အသင်းနဲ့အတူ အောင်ပွဲတွေရယူဖို့စိတ်အားထက်သန်နေပါတယ်။ ထို့အတူ တစ်ရက်ပြီးတစ်ရက် ပိုပိုကောင်းလာပါတယ်။ အားလုံးထဲမှာ အကောင်းဆုံးဖြစ်အောင်လဲကြိုးစားနေသူပါ။ သူက ထိပ်တန်းကစားသမားဖြစ်လာပါလိမ့်မယ် “ ဆိုပြီး ပြောဆိုသွားခဲ့တာပါ။
Leave a Reply