ချဲလ်ဆီးအသင်းရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့အောင်မြင်မှုနဲ့အတူ ဂုဏ်ယူစရာ အောင်မြင်မှုမှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ကို ပီတာချက်က အမြင့်ဆုံးချီးကျူးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်စနေ့နေ့မှာ ကမ္ဘာ့ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရခဲ့တဲ့ ချဲလ်ဆီးကပ္ပတိန် အက်ဇ်ပလီကွယ်တာဟာ အသင်းနဲ့အတူ ပြိုင်ပွဲအားလုံးက ဆုဖလားတွေကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဖလား၊ကာရာဘောင်ဖလား၊ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ဖလား၊ယူရိုပါလိဂ်ဖလားနဲ့ ဥရောပစူပါလိဂ်ဖလားစတဲ့ အောင်မြင်မှုတွေကို အက်ဇ်ပလီကွယ်တာဟာ ချဲလ်ဆီးကစားသမားဘ၀နဲ့ ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။
အသင်းရဲ့အခြားသော ဂန္တ၀င်ကစားသမားကြီးတွေဖြစ်တဲ့ ဂျွန်တယ်ရီ၊ ဖရန့်လမ်းပတ်နဲ့ ပီတာချက်တို့ဟာ ဒီလိုစံချိန်မျိုးကို ပိုင်ဆိုင်ခွင့်မရခဲ့ပါဘူး။ ဒီလိုအောင်မြင်မှု မှတ်တမ်းဟာ အသင်းအတွက်ရော၊ ကစားသမားအတွက်ပါ အလွန်ပဲဂုဏ်ယူစရာကောင်းတဲ့ မှတ်တမ်းဖြစ်ပါတယ်။ လက်ရှိရာသီဟာ အက်ဇ်ပလီကွယ်တာရဲ့ ချဲလ်ဆီးကစားသမားဘ၀ နောက်ဆုံးရာသီဖြစ်ဖို့များနေတာကြောင့် ဝါရင့်နောက်ခံလူကြီးအနေနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျက မထွက်ခွာခင် အချိုမြိန်ဆုံး အမှတ်တရတစ်ခုကိုပိုင်ဆိုင်ခွင့်ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ကစားဖော်ဟောင်း အက်ဇ်ပလီကွယ်တာကို ပီတာချက်ကတော့ ခုလိုပဲ ချီးကျူးသွားခဲ့ပါတယ်။
“ အက်ဇ်ပီဟာ ခုဆို အရာအားလုံးကို အနိုင်ရခဲ့သူဖြစ်ပြီး ဒါဟာ သိပ်ကို အံ့ဩဖို့ကောင်းတဲ့ အောင်မြင်မှုတစ်ခုပါပဲ။သူ ချဲလ်ဆီးကိုရောက်တော့ ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲ၀င်ခဲ့ရတယ်။အသင်းကို မရောက်လာသေးခင် ရှေ့တစ်နှစ်မှာ သူမှာ ကာလရှည်ဒဏ်ရာပြဿနာတစ်ခုရှိခဲ့ပါတယ်။ သူ ချဲလ်ဆီးမှာ ပွဲထွက်ခွင့်ရဖို့ အသေအလဲကြိုးစားခဲ့တာ ဖြစ်ပါတယ်။”
“ သူက ဘယ်တော့မှ စိတ်မပျက်စေတတ်တဲ့ ကစားသမားတစ်ဦးဗျ။ အရမ်းလည်း အလုပ်ကြိုးစားပြီး ဘာမဆို လုပ်ဖို့အသင့်ဖြစ်နေတဲ့သူဖြစ်ပါတယ်။ ကစားကွင်းထဲမှာဆို အရမ်း ရိုးသားတဲ့သူဖြစ်ပြီး ကစားကွင်းအပြင်မှာလည်း အရမ်းကြိုးစားတဲ့သူ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို သူဟာ အားကိုးလို့ရတဲ့ သူမျိုးပါ”
“ ဒါဟာ သူ့အောင်မြင်မှုတွေရဲ့ သော့ချက်ပါပဲ။အသင်းကိုရောက်လာတဲ့ မန်နေဂျာတိုင်းဟာ သူ့အပေါ်၊သူရဲ့စိတ်သဘောထားအပေါ်၊အရည်အသွေး တွေအပေါ် အားကိုးလို့ရမယ်ဆိုတာ သိကြပါတယ်။”
“ အခုဆိုရင် အသင်းရဲ့ ကပ္ပတိန်အဖြစ်နဲ့ ဆုဖလားအားလုံးကိုဆွတ်ခူးနိုင်ခဲ့တဲ့ ဆုလာဘ်ကို သူပိုင်ဆိုင်ခဲ့ပါပြီ”
အက်ဇ်ပလီကွယ်တာဟာ ချဲလ်ဆီးမန်နေဂျာ ဒီမတ်တီယို၊မော်ရင်ဟိုတို့ကနေ လက်ရှိမန်နေဂျာ တူချယ်အထိ စုစုပေါင်း ချဲလ်ဆီးနည်းပြ ရှစ်ဦးတို့ရဲ့ လက်အောက်မှာ ကစားခဲ့တာဖြစ်ပါတယ်။
အသက်၃၂နှစ်ရှိပြီဖြစ်တဲ့ စပိန်သားကြီးဟာဆယ်စုနှစ်တစ်ခုကြာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အနိမ့်အမြင့်အတက်အကျများစွာ ရင်ဆိုင်ရင်း၊ မန်နေဂျာအပြောင်းအလဲများစွာကို ဖြတ်သန်းရင်း အခက်အခဲများစွာကိုကြုံတွေ့ခဲ့ရပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ အလုပ်ကြိုးစားနေရင်း အားလုံးရဲ့ ယုံကြည်မှုကိုရခဲ့တဲ့၊အသင်းအတွက် အားလုံးသော ဆုဖလားတွေကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Leave a Reply