အူဘာမီယန်းရဲ့ ကပ္ပတိန်လက်ပတ်ကို ဆက်ခံသူ လာကာဇက်ဟာ ရာသီကုန်အထိ အာဆင်နယ်အသင်းရဲ့ ကပ္ပတိန်အဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ရာသီကုန် ၊ သူ့ရဲ့စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ ပြင်သစ်သားကြီးဟာ အမ်းမရိတ်ကနေ ထွက်ခွာဖို့များနေပြီး အာတီတာအနေနဲ့လည်း ကပ္ပတိန်အသစ်ကို ရှာဖွေရဖို့ ရှိနေပါတယ်။
လာကာဇက် ကတော့ အသင်းကနေ သူထွက်ခွာသွားတဲ့အခါ အသင်းမှာ ကပ္ပတိန်လက်ပတ်နဲ့ ထိုက်တန်တဲ့ ကစားသမား လေးယောက်ရှိတယ်လို့ ယုံကြည်ကြောင်းပြောလာခဲ့ပါတယ်။
“ အနာဂတ်အသင်းခေါင်းဆောင်လောင်း လေးယောက်ရှိပါတယ်။ ပထမတစ်ယောက်ကတော့ ဂါဘီကြီးလို့ခေါ်တဲ့ ဂါဘရီယယ်ပေါ့ဗျာ။ သူက နောက်တန်းကို လွှမ်းမိုးနိုင်တဲ့သူဖြစ်တယ်။ သူ အင်္ဂလိပ်လို ဒီထက် ပိုပြီး ကျွမ်းကျွမ်းကျင်ကျင်သာ ပြောတတ်လာရင် ပိုပြီးတော့တောင် အဆင်ပြေလာမှာပါ”
“ ဘန်ဝှိုက်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။ သူကတော့ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် နေတတ်တဲ့သူ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သူက ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်”
“နောက်တစ်ယောက်ကတော့ ဆမ်ဘီလိုကွန်ဂါပေါ့ သူက အသင်းခေါင်းဆောင် အရင်က ဖြစ်ဖူးတယ်ဆိုတော့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်တယ်ဆိုတာ အများကြီးတောင် ပြောနေစရာ မလိုတော့ပါဘူး”
“ကီရင်(တီယာနေး)လည်း အသင်းခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက နိုင်ငံအသင်းရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ဖူးတာပဲ။ အခြားနောက်ထပ် အသင်းခေါင်းဆောင်လောင်းတွေ၊ ကပ္ပတိန်တွေကို ခင်ဗျားတို့ အသင်းမှာ မြင်နိုင်ပါသေးတယ်” လို့ လာကာဇက်က ဆိုပါတယ်။
ပရိသတ်တွေကြားမှာတော့ အသင်းခေါင်းဆောင်ရာထူးအတွက် ရေပန်းအစားဆုံးက တီယာနေးဖြစ်ပါတယ်။ အူဘာမီယန်းကို အသင်းခေါင်းဆောင်ရာထူးကနေ ရပ်စဲလိုက်ကတည်းက တီယာနေးဟာ အသင်းခေါင်းဆောင်အသစ် ဖြစ်လာဖို့ ရေပန်းစားခဲ့ပေမယ့် အာတီတာကတော့ ဝါရင့်တိုက်စစ်မှူးကြီး လာကဇက် ကိုပဲ ရွေးချယ်ခဲ့ပါတယ်။
ဘန်လေနဲ့ပွဲမှာ လူစားလဲ ၀င်ရောက်လာခဲ့ပြီးနောက် လာကာဇက်ရဲ့ ကပ္ပတိန်လက်ပတ်ကို လွှဲပြောင်းယူခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ ရော့ဘ်ဟိုးဒင်းကိုလည်း အသင်းခေါင်းဆောင်းလောင်းအဖြစ် ခန့်မှန်းမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ဟိုးလ်ဒင်းဟာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသူဖြစ်တာကြောင့် ကပ္ပတိန်လက်ပတ်ကို ဆက်ခံသူဖြစ်နိုင်ချေ အင်မတန်နည်းနေပါတယ်။
ကွင်းလယ်ကနေ အသင်းကို ဦးဆောင်နေသူ၊ အသင်းရဲ့ ကပ္ပတိန်ဟောင်းတဖြစ်လဲ ရှာခါကိုလည်း အသင်းခေါင်းဆောင်ဖြစ်နိုင်ချေရှိတယ်လို့ အချို့က သုံးသပ်နေကြပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက အသင်းကနေ ထွက်ခွာလုနီးပါးဖြစ်ခဲ့တဲ့ ရှာခါကို လာမယ့်နွေရာသီမှာလည်း မော်ရင်ဟိုက သူကိုင်တွယ်နေတဲ့ ရိုးမားဆီ ခေါ်ယူဖို့ ထပ်ကြိုးစားသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြန်ပါတယ်။ ဒါကြောင့် ဆွစ်ဇာလန်သားကြီးရဲ့ တကျော့ပြန် ကပ္ပတိန်ရာထူးအပ်နှင်းပွဲကလည်း မသေမချာ မရေမရာပါပဲ။
ဘာတွေဖြစ်လာမလဲဆိုတာတော့ နွေရာသီမှပဲ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။လတ်တလောမှာတော့ ချန်ပီယံလိဂ် ၀င်ခွင့်တိုက်ပွဲထက် ဘာမှ အရေးကြီးတဲ့အရာမရှိတာကို အာတီတာနဲ့ အသင်းသားတွေအားလုံး သေချာ နားလည်သဘောပေါက်ပြီးဖြစ်လို့ပဲ ဖြစ်ပါတယ်။
Leave a Reply