ဇီယက်ချ်အကြောင်းပြောရင် အချက်အလက်တွေ ခံစားချက်တွေက အကောင်းဖက်ရော အဆိုးဖက်မှာပါ ရောပြွမ်းနေပါတယ်။ စွမ်းဆောင်ရည်ကောင်း တွေသူ့မှာရှိတယ်။ တချိန်ထဲမှာလည်း ဒီလောက်ပဲလားကွာဆိုတဲ့ အားမလို အားမရကိစ္စတွေကလဲရှိနေပြန်ပါတယ်။
ပြီးခဲ့ရက်တုန်းက ကန်သွင်းမှုအများဆုံးပြုလုပ်တဲ့ ကစားသမားစာရင်းမှာ သူပါဝင်လာပါတယ်။ ဒါပေမယ့် ဂိုးရရှိမှုကတော့ ကန်သွင်းမှုစာရင်းရဲ့ နံပါတ် ၁၅ ကစားသမားထက်တောင်နဲနေခဲ့တာပါ။ ဒီနေရာမှာ လီဗာပူးလက်ထောက်နည်းပြဖြစ်သူ လင်ဒါရဲ့ စကားကို ပြန်ကိုးကားချင်ပါတယ်
“ ဘောလုံးအားကစားမှာ အမြဲတမ်းပြိုင်ပွဲနှစ်ရပ်ရှိပါတယ်။ ပထမပြိုင်ပွဲကရလဒ် အပေါ်မှာဖြစ်ပြီး ၊ ဒုတိယပြိုင်ပွဲကတော့ အသင်းရဲ့ကစားပုံမှာဖြစ်ပါတယ်။ ဂိုးရလဒ်မှာတော့ ခင်ဗျားဟာ ရှုံးနိုင်တယ် ၊ သရေကျနိုင်တယ်။ ဒါပေမယ့် ကစားပုံမှာတော့ ခင်ဗျားဟာ ကိုယ့်အစွမ်းအစကို ပြသနိုင်ပါတယ် “
ဒီတော့ဇီယက်ချ်ဟာ ချဲလ်ဆီးအတွက် ဘယ်လိုကစားသမားမျိုးဖြစ်ခဲ့ပါသလဲ။ စတမ်းဖို့ဒ်ဘရစ်ချ်ကို လမ်းပတ်လက်ထက်မှာ ရောက်ရှိလာခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ မုန်တိုင်းကာလမှာ ပါဝင်အသုံးတော်ခံခဲ့တဲ့သူ့ကို လေ့လာကြည့်ရအောင်ပါ။
သူ့မှာ ခြေမပေါ်ခဲ့ပဲ ရုန်းကန်နေရတဲ့ပွဲပေါင်းများစွာရှိခဲ့ပါတယ်။ ပရိတ်သတ်တွေက အားမလိုအားမရပြောခဲ့တာတွေရှိတယ်။ ထိုးနည်းတူစွာအဆုံးအဖြတ်ဂိုးတွေသွင်းပြီး ခြေစွမ်းပြနိုင်တဲ့ပွဲတွေလည်းရှိပါတယ်။ နေရာစုံလိုက်ပြီးကစားပေးလို့ နည်းပြရော ပရိတ်သတ်ရောက ကျေနပ်ခဲ့ရတဲ့နေ့တွေလည်းရှိပါတယ်။ ဒီလိုနဲ့ပဲ အသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်လာတယ်။ အခုဆိုရင် သူလဲ ယုံကြည်မှုတွေပြန်ရတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့တယ်။
အပြောင်းအရွှေ့နဲ့ပတ်သတ်လာရင်လဲ သူ့ဖက်ကနေစပြီးအသင်းပြောင်းဖို့းကမ်းလှမ်းတာကနေ ၊ အသင်းကြီးတွေစောင့်ကြည့်ခံရတာရော ၊ သတင်းထွက်တာရောအထိရှိပါတယ်။ ဇီယက်ချ်ဟာ ချဲလ်ဆီးအသင်းအတွက် သက်ရောက်မှုကောင်းကောင်းရှိတဲ့ကစားသမားဖြစ်ပေမယ့် တစ်သားထဲကျမနေသေးတာကတော့ သိသာပါတယ်။ သူ့အနေအထားက အခြားကစားသမားတွေနဲ့ကွာပါတယ်။
ဒီနောက်ပိုင်းလတွေမှာတော့ ဇီယက်ချ်ရဲ့ အေဂျက်တုန်းကအနေအထားတွေဆီပြန်ရောက်လာခဲ့ပါတယ်။ သူ့ရဲ့သွင်းဂိုးက တစ်လအတွင်း အကောင်းဆုံးဆုအတွက် ဆန်ကာတင်ဝင်ခဲ့တယ်။ ဝါရင့်ကြီး အလန်ရှီးယားရားရဲ့ အကောင်းဆုံးအသင်း ၁၁ ယောက်မှာ ချီးကျူးခံရမှုနဲ့အတူပါဝင်ခဲ့တယ်။ တူချယ်ကို အသက်ရှုချောင်အောင်အကြိမ်များစွာလုပ်ပေးနိုင်ခဲ့တယ်။ ပွဲပေါင်း ၆၀ ကျော်လာချိန်မှာတော့ အသင်းအပေါ်သိသိသာသာ အကျိုးပြုလာနိုင်တယ်ဆိုတဲ့သဘောတွေပါပဲ။
အသင်းကိုရောက်ခါစတုန်းက ဒဏ်ရာကြောင့်ရုန်းကန်ခဲ့ရတဲ့ ဇီယက်ချ်က တစ်သင်းလုံးဒဏ်ရာရချိန်မှာတော့ ရုန်းကန်ပေးသူဖြစ်လာခဲ့ပါတယ်။ အခုဆို ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှုကိုရရှိတဲ့အထိ ခြေစွမ်းမှန်လာပြီဖြစ်ပါတယ်။ အစောပိုင်းတုန်းက အဆင်မပြေလို့ အသင်းပြောင်းရမယ့်အခြေအနေနဲ့တော့ကွာခြားခဲ့ပါပြီ။
သူအသင်းမှာဆက်ရှိနေမလား ၊ မရှိဘူးလားဆိုတာကတော့ အချိန်ကပဲ အဖြေပေးနိုင်မယ့် ကိစ္စဖြစ်ပါတယ်။
Leave a Reply