ရိုမန်နဲ့တွေ့ရမှာမို့ ပါတီမှာ ထွေနေတဲ့ တူချယ်တစ်ယောက် ကိုလာပြောင်းသောက်လိုက်ရ
အသင်းကိုရောက်ရှိလာတာ တစ်နှစ်ပြည့်တဲ့အထိမ်းအမှတ်အဖြစ်ပါတီပွဲကျင်းပနေတုန်းမှာ အသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်က တွေ့ဆုံချင်တယ်လို့ ဆိုလာခဲ့တဲ့အတွက် တူချယ်အနေနဲ့ ရုတ်တရက်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ တူချယ်ဟာ ဇန်နဝါရီလ ၂၆ ရက်နေ့တုန်းက အသင်းကိုရောက်တာ တစ်နှစ်ပြည့်ခဲ့တာဖြစ်ပြီး ကစားသမားများနဲ့အတူ ပေါ်တိုမြို့မှာ ပါတီကျင်းပနေစဥ် မာရီယာကတစ်ဆင့် အဆိုပါသတင်းကိုရရှိခဲ့ပြီးနောက် ပါတီကို Gin & Tonic အစား ကိုလာပြောင်းသောက်ခဲ့ရပြီး သူ့ကိုယ်သူလဲ အနဲငယ် အမူးပြေအောင်ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
ဘရိုဂျာအတွက်ကမ်းလှမ်းမှုများစွာရရှိထား
စိန့်အသင်းမှာ အငှားသွားကစားနေတဲ့ ဘရိုဂျာအတွက် ကမ်းလှမ်းမှုတွေအများအပြားရှိနေပြီလို့ Express UK က ဖော်ပြလာပါတယ်။ အဆိုပါ လူငယ်တိုက်စစ်မှုးလေးဟာ အထူးခြေစွမ်းပြနေတာဖြစ်ပြီး ပရိတ်သတ်တွေကလည်း ရာသီကုန်ရင် ချဲလ်ဆီးကိုပြန်ခေါ်ဖို့သာတိုက်တွန်းနေကြပါတယ်။ ဆောက်သမ်တမ်တို့ကလဲ ကမ်းလှမ်းသွားဖွယ်ရှိကြောင်းအရိပ်အမြွက်ထုတ်ပြောထားပါတယ်။
ဘာကာနဲ့ချဲလ်ဆီးကြားအပြောင်းအရွေ့အနေအထားကို ရိုမာနိုပြော
ဖေဘရီဇီယို ရိုမာနိုက ဘာစီလိုနာအသင်းဟာ အက်စ်ပီလီကွယ်တာကို ခေါ်ယူဖို့စိတ်ဝင်စားနေပြီး ၊ ချဲလ်ဆီးအသင်းကလည်း ကစားသမားရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ ရာသီကုန်မှာ စာချုပ်ပြည့်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ခရစ္စတီယန်ဆန်ကိုလည်း ခေါ်ယူဖို့ ဘာကာတို့က ကြိုးစားနေတယ်လို့ ရိုမာနိုက သတင်းများကို ကိုးကားပြီးပြောဆိုသွားခဲ့ပါတယ်။
နိုင်ငံအသင်းအတွက် ဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်မှုး ဆမ်ကားရ်
ချဲလ်ဆီးအသင်းရဲ့အမျိုးသမီးတိုက်စစ်မှုး ဆမ်ကားရ် ဟာ သူမရဲ့မိခင်နိုင်ငံအသင်းအတွက် ၅၄ ဂိုးသွင်းယူပေးအပြီးမှာ နိုင်ငံကပေးတဲ့ OAM (Order of Australia Medal) ဂုဏ်ပြုဆုကို ရရှိခဲ့တယ်လို့သိရပါတယ်။ အဲဗာတန်တိုက်စစ်မှုးဟောင်း တင်ကာဟေးရ် (ဂိုး ၅၀) ရဲ့စံချိန်ကို ကျော်ဖြတ်သွားခဲ့တာဖြစ်ပြီး သြစတေးလျနိုင်ငံရဲ့ သမိုင်းတစ်လျောက် ဂိုးအများဆုံးသွင်းဖြစ်လာခဲ့တာပါ။
သန်း ၄၀ တန် ၁၅ နှစ်သားတိုက်စစ်မှုးကို စိတ်ဝင်စားနေတဲ့ချဲလ်ဆီး
ပါးမီးယပ်စ်အသင်းရဲ့ အသက် ၁၅ နှစ်အရွယ် ကစားသမားလေး အန်းဒရစ်ကို ချဲလ်ဆီးအပါအဝင် အသင်းကြီးများစွာက စာချုပ်ခေါ်ယူဖို့ အပြိုင်ကြိုးစားနေကြတယ်လို့ သတင်းများက ဖော်ပြလာပါတယ်။ ကစားသမားလေးဟာ နေမာ နဲ့ ဗင်နီရှက်စ်တို့ခြေရာနင်းနိုင်မယ့်သူလို့ တင်စားပြောဆိုမှုတွေရှိနေပြီး ခေါ်ယူလိုတဲ့အသင်းအနေနဲ့တော့ အသက် ၁၆ နှစ်ပြည့်တဲ့အထိစောင့်ရမှာဖြစ်ပါတယ်။ ပါမီးယပ်စ်ဟာ သူတို့ရဲ့ Wonder Kid လေးအတွက် သန်း ၄၀ သတ်မှတ်ထားတယ်လို့ Sky Sport ကဖော်ပြလာပါတယ်။
Leave a Reply