စပါးကိုနှစ်ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ပြီးနောက်မှာတော့ တူချယ်ဟာ သူ့ရဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။ ဒီပွဲစဉ်ကို ချဲလ်ဆီးအနေနဲ့ မဖြစ်မနေ အနိုင်ရခဲ့ဖို့ လိုနေတာဖြစ်ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေမတည်မငြိမ်ဖြစ်နေခဲ့တဲ့ ချဲလ်ဆီးဟာ စပါးကို အနိုင်ရရှိခဲ့တာကြောင့် နောက်ဆုံးပရီးမီးယားလိဂ် ၈ပွဲမှာ နှစ်ကြိမ်မြောက်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ပွဲအစကတည်းက ချဲလ်ဆီးရဲ့ ခြေစွမ်းဟာ ကောင်းမွန်ခဲ့ပေမယ့် ဟယ်ရီကိန်းရဲ့ ဦးဆောင်ဂိုးကြောင့် ရင်ခုန်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် VARနဲ့ ပြန်ကြည့်ခဲ့ရမှာတော့ ဟယ်ရီကိန်းဟာ သီယာဂိုဆေးလ်ဗားကို ပြစ်မှုကျူးလွန်ခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။
ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ ဇီယက်ခ်ျရဲ့ လှပတဲ့သွင်းဂိုးနဲ့အတူ ဦးဆောင်ခွင့်ရခဲ့ပြီး မေဆင်မောင့်ရဲ့ ပြစ်ဒဏ်ဘောကနေ ဆေးလ်ဗားရဲ့ ခေါင်းတိုက်သွင်းယူပြီး လန်ဒန်ဒါဘီမှာ ချဲလ်ဆီးအတွက်အနိုင်သုံးမှတ်ကို သေချာစေခဲ့ပါတယ်။ စပါးကတော့ ချဲလ်ဆီးနဲ့တွေ့ဆုံတိုင်း ရလဒ်မကောင်းဖြစ်နေတဲ့ မှတ်တမ်းကို မပြင်ဆင်နိုင်ခဲ့ပါဘူး။
ပွဲအပြီး BBC Sportနဲ့ တွေ့ဆုံမှုမှာတော့ တူချယ်က “ကိုယ်ဘယ်သူလဲဆိုတာ သက်သေပြခြင်း”ဟာ” ချဲလ်ဆီးအသင်းရဲ့ တာ၀န်” ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
“ဒီပွဲအတွက် ကျွန်တော်တို့ အပြင်းအထန်ကြိုးစားခဲ့ပြီး ခက်ခဲတဲ့ ပွဲစဉ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်၊ကြိုးစားအားထုတ်မှုကလည်း ကောင်းမွန်ခဲ့ပြီး နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ စပါးလိုအသင်းနဲ့ ရင်ဆိုင်ရတဲ့ အခါ အခွင့်အရေးတွေဖန်တီးဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မနားတမ်းကြိုးစားခဲ့ပြီး ယုံကြည်မှု လည်းရှိခဲ့ပါတယ်”
“အပြောင်းအလဲတွေ လုပ်ဖို့ မလိုပဲ ဆက်သွားနေဖို့ပဲ လိုအပ်ခဲ့တာဖြစ်ပါတယ်။ စွန့်စားဖို့ လိုလား မလိုဘူးလားဆိုတာကတော့ အသေးစိတ်ကျတဲ့ အရာလေးတွေဖြစ်ပါတယ်။”
“ဟယ်ရီကိန်းရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီး ကျွန်တော်သေချာ မမြင်ခဲ့ရပါဘူး။ဒါက ဂိုးလားလို့ ထင်ပြီး အံ့ဩနေခဲ့ပါသေးတယ်”
ဇီယက်ခ်ျရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီးလည်း “ကျွန်တော်အဲ့ဒီနောက်မှာ ရှိနေခဲ့တာပါ။အစမှာ ဘောလုံးက မြင့်လွန်း နေလားလို့တောင် ထင်လိုက်သေးတယ်။ဒါပေမယ့် အချိန်မှန်ပဲ အောက်ကို ပြန်နိမ့်ဆင်းသွားခဲ့တယ်။တကယ်ကို ကောင်းမွန်တဲ့ ဂိုးပါ။ဇီယက်ခ်ျရဲ့ နည်းစနစ်က တကယ်ကို ကောင်းလွန်းပါတယ်”
“အမှတ်ပေးဇယားက အမှတ်ပေးဇယားပဲပေါ့။ကျွန်တော်တို့ရဲ့ တာ၀န်က ကိုယ်ဘယ်လိုသူတွေလဲ ဆိုတာ အမြဲ သက်သေပြနေဖို့ပါပဲ။ အခုဆို ကျွန်တော်တို့ နားချိန်တစ်ခု ရထားပြီး လိုချင်တဲ့စွမ်းဆောင်ရည်တွေ ပြန်ရအောင် ပြင်ဆင်ဖို့ အချိန်ကောင်းတစ်ခုပါပဲ။ကျွန်တော်တို့ အနားယူဖို့ လိုအပ်ပြီး ပိုကောင်းအောင်လုပ်ဖို့လည်း လိုပါတယ်။ ကောင်လေးတွေ အရမ်းကို ပင်ပန်းနေပါပြီ ဘာလို့လဲဆိုတာ ကျွန်တော်တို့ ယှဉ်ပြိုင်နေရတာဟာ ခရီးရှည်ကြီးတစ်ခု ဖြစ်ပါတယ်” လို့ တူချယ်က ဆိုပါတယ်။
Leave a Reply