မန်ဒီ လဲ Covid 19 ကူးစက်ခံရ
ချဲလ်ဆီးအသင်းရဲ့ ဂိုးသမား မန်ဒီဟာလည်း ကိုဗစ် 19 ကူးစက်ခံရတာကြောင့် အာဖရိကဖလားအဖွင့်ပွဲစဥ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။ မန်ဒီနဲ့အတူ အခြားကစားသမားများဖြစ်ကြတဲ့ ကူလာဘာလီ နဲ ဒိုင်ဟီအူတို့ဟာလည်း Positive အဖြေထွက်တာကြောင့် ပွဲဦးထွက် ဇင်ဘာဘွေနဲ့ပွဲကို ပါဝင်ကစားနိုင်ကြမှာမဟုတ်ကြဘူးလို့ သိရပါတယ်။
အီမာဆင်ကိုပဲ လျှော်ကြေးပေးပြီး ပြန်ခေါ်ဖို့ရှိနေတဲ့ တူချယ်
ဘန်ချေးဝဲလ်ရဲ့နေရာကို ကစားသမားများစွာနဲ့ အစားထိုးမယ်လို့ နာမည်ထွက်နေပေမယ့် အငှားချထားတဲ့ကစားသမား အီမာဆင်ကိုပဲ ပြန်လည်ခေါ်ယူဖွယ်ရှိတယ်လို့ ဖေဘရီဇီယို ရိုမာနိုက ဆိုပါတယ်။ တူချယ်အနေနဲ့ အသက် ၂၈ နှစ်အရွယ်ကစားသမားကို အငှားစာချုပ်မပြည့်ခင် ပြန်ခေါ်လိုတာကြောင့် လိုင်ယွန်အသင်းကို စာချုပ်ဖျက်သိမ်းခအနေနဲ့ တစ်စုံတစ်ခုသောပမာဏကိုပေးဆောင်ရမှာဖြစ်ပါတယ်။
ရူဒီဂါနဲ့ ဂယ်လက်ဂါတို့ကို တစ်လတာအကောင်းဆုံးအသင်းအတွက်ရွေးချယ်တဲ့ ဂန္တဝင်
ဂန္တဝင်ကြီးအလန်ရှီးယားရား ရွေးချယ်တဲ့ တစ်လတာအတွင်းအကောင်းဆုံးအသင်းလူစာရင်းမှာ ချဲလ်ဆီးအသင်းရဲ့ ရူဒီဂါပါဝင်လာခဲ့ပြီး ၊ အငှားချကစားသမားလေး ဂယ်လက်ဂါကို လဲရွေးချယ်ခဲ့ပါတယ်။ အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ ၊ ကိုဗစ်ကူးစက်မှုတွေများပြားနေခဲ့ပေမယ့် ရူဒီဂါ ဟာ ကံကောင်းထောက်မစွာပဲ ပွဲတွေကစားနေနိုင်ခဲ့ပြီး ၊ လူငယ်လေး ဂယ်လက်ဂါ ဟာလည်း စီနီယာအဆင့်ခြေစွမ်းတွေကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြသနေနိုင်တာဖြစ်ပါတယ်။
အိုစီမန်ကို ချဲလ်ဆီးတို့ စောင့်ကြည့်နေတယ်လို့ ဆို
တိုက်စစ်မှုးတစ်ယောက်လိုအပ်နေတဲ့ ချဲလ်ဆီးအသင်းဟာ နာပိုလီရဲ့ အိုစီမန်ကိုလဲ စုံစမ်းမှုတွေပြုလုပ်နေတယ်လို့ El Nacional သတင်းဌာနကဖော်ပြလာပါတယ်။ အဆိုပါအသက် ၂၃ နှစ်အရွယ် နိုက်ဂျီးရီးယားတိုက်စစ်မှုးဟာ ဝုဘတ် ၊ လိုင်လီ နဲ့ နာပိုလီတို့မှာကျင်လည်ခဲ့ပြီး ၁၃၄ ပွဲကစား ၅၄ ဂိုးသွင်းယူထားနိုင်သူလဲဖြစ်ပါတယ်။ ကစားသမားကိုခေါ်ယူချင်ရင်တော့ ချဲလ်ဆီးအနေနဲ့ ပေါင် ၆၆ သန်းလောက်သုံးစွဲရမှာဖြစ်တယ်လို့ ခန့်မှန်းရေးသားနေကြပါတယ်။ အိုစီမန်ဟာ လိုင်လီမှာကစားစဥ်တုန်းကလဲ ချဲလ်ဆီးနဲ့ သတင်းအချို့ထွက်ခဲ့ဖူးသူဖြစ်ပါတယ်။
အပြောင်းအရွေ့ကာလ ကို အလောတကြီးမလုပ်ပဲ အကျိုးရှိအောင်ဆောင်ရွက်ရမယ်လို့ တူချယ်ပြော
အပြောင်းအရွေ့စျေးကွက်လှုပ်ရှားမှုတွေနဲ့ပတ်သတ်ပြီးမေးမြန်းတဲ့အခါ တူချယ်က အခုလိုပဲဖြေကြားသွားခဲ့ပါတယ်။
“ အဖွဲ့သားတွေ ၊ ဘုတ်အဖွဲ့တွေနဲ့အတူ တိုင်ပင်ပြီး ကစားသမားတွေကို လေ့လာတာတွေ ၊ စောင့်ကြည့်တာတွေ ၊ အလားအလာတွေကိုသုံးသပ်တာတွေကို လုပ်ဆောင်နေပါတယ်။ ဒါက ကျွန်တော်တို့ အမြဲမပြတ်လုပ်ကိုင်နေတဲ့အရာတွေပါပဲ။ သိကြတဲ့အတိုင်း ကာလရှည် ဒဏ်ရာပြသနာတွေလဲရှိနေတော့ စျေးကွက်မှာတော့ ရှာဖွေနေဖြစ်ပါတယ်။ ဒါပေမယ့် မရမနေ အပူတပြင်းရှာနေတာမျိုးတော့မဟုတ်ပါဘူး။ ကျွန်တော်တို့လုပ်ဆောင်နေတဲ့အရာတွေဟာ အဓိပ္ပါယ်ရှိရပါမယ်။ အသင်းအတွက် လိုအပ်နေတဲ့နေရာတွေကို ကျွမ်းကျွမ်းကျင်ကျင်လေ့လာပြီးဖြည့်တင်းတာမျိုးလုပ်ရပါမယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာတွေရှိထားပါတယ်။ စောင့်ကြည့်လေ့လာပြီးလုပ်ဆောင်သွားပါမယ်” လို့ဆိုခဲ့ပါတယ်။
Leave a Reply