ချက်စတာဖီးလ်ကို ၅ – ၁ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့တဲ့ FAဖလားပွဲစဉ်မှာ လူငယ်ကစားသမား လူး၀စ်ဟော ဟာ ယုံကြည်မှု အပြည့်နဲ့ ကစားနိုင်ခဲ့တယ်လို့ ဟတ်ဆန်အိုဒွိုင်းက ချီးကျူးလာခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုအတွက် ချဲလ်ဆီးပရိသတ်တွေက လူး၀စ်ဟောကို ရွေးချယ်ခဲ့ပါတယ်။ လူး၀စ်ဟောဟာ ဒီပွဲစဉ်ကို ကြည့်ရှုခဲ့သူတွေ အတွက် စိတ်၀င်စားစရာ အကောင်းဆုံး၊ စောင့်ကြည်ခံရဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။
အသက်၁၇သာရှိသေးတဲ့ ကွင်းလယ်လူလေးဟာ နောက်တန်းမှာ မာလန်ဆား၊ ခရစ်စတီယန်ဆန်တို့နဲ့ အတွဲညီညီ ကစားနိုင်ခဲ့ပြီး အသင်းရဲ့ ကစားကွက်မှာလည်း အကောင်းဆုံးလိုက်ပါ စီးမျောနိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအကယ်ဒမီကစားသမားလေးဟာ သွင်းဂိုးတစ်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပရိတ်သတ်တွေကလည်း တီမိုဝါနာ အလား လှုပ်ရှားထိုးဖောက်သွားသူရယ်လို့ ချီးကျူးနေကြပြန်ပါတယ်။
အိုဒွိုင်းက လူး၀စ်ဟောရဲ့ ယုံကြည်မှုအပြည့်နဲ့ ကစားဟန်ကို ကွင်းထဲမှာရှိနေတဲ့ အခြားအသင်းဖော်တွေကပါ သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဂိုးပြတ်နိုင်ပွဲမှာ လူး၀စ်ဟောဟာ စီနီယာအသင်းဖော်တွေနဲ့ အချိတ်အဆက်မိမိ ဆော့ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
“သူဟာ တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်။ မင်းဒီလိုပဲ ဆက်ကစားနေကွာလို့ တစ်ပွဲလုံး ကျွန်တော်သူ့ကို ပြောခဲ့ပါတယ်။”
“သူရဲ့ တိုက်စစ်လိုက်ပါပုံ၊ခံစစ်မှာ မာမာကျောကျော ကစားနိုင်ပုံတွေကို အားလုံး သတိထားမိမယ်လို့ ကျွန်တော်ထင်ပါတယ်။သူ့အတွက် တကယ်ပဲ ပျော်ရွှင်မိပါတယ်။သူဆက်ပြီး အများကြီးတိုးတက်လာဖို့ မျှော်လင့်မိပါတယ်” လို့ အိုဒွိုင်းကဆိုခဲ့ပါတယ်။
တူချယ်ကလည်း လူး၀စ်ဟောဟာ သင်ယူစရာတွေ အများကြီး ရှိနေသေးပေမယ့် ပွဲထွက်ခွင့် ထိုက်တန်တဲ့သူလို့ ဆိုခဲ့ပါတယ်။ ဟော ဟာ ချဲလ်ဆီးအသင်းအတွက် U-23 အသင်းနဲ့အတူ ကစားနေတာဖြစ်သလို အဂ်လန် လက်ရွေးစင်အသင်းရဲ့ အသက်ငယ်တန်းလက်ရွေးစင်ကစားသမားဘဝတစ်လျှောက် ၁၅ ပွဲကစားပြီး ၂ ဂိုးသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။
Leave a Reply