မန်ချက်စတာယူနိုက်တက်ရဲ့ မန်နေဂျာ ရပ်ဖ်ရန်းနစ်ခ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းကို အပြောင်းအလဲအချို့ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အမာဒူ ဟိုင်ဒရာနဲ့ ဖရန်ကီ ဒီဂျောင်တို့လို ကစားသမားတွေကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ကစားသမား အသစ်အချို့ကို မြင်တွေ့ရမှာဖြစ်သလို အိုးထရက်ဖို့ဒ်ကနေ နှုတ်ဆက် ထွက်ခွာတော့မယ် ကစားသမားအချို့လည်း ရှိနေပါတယ်။
ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာနိုင်ချေ ရှိနေတဲ့ ကစားသမားတွေကို စာဖတ်သူတွေအတွက် နောက်ဆုံးရသတင်းတွေထဲကနေ ထုတ်နှုတ်ပြီးရေးသားပေးလိုက်ပါတယ်။
အက်ဒီဆင် ကာဗာနီ
ကာဗာနီဟာ ၂၀၂၀-၂၁ဘောလုံး ရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၇ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။
သူရဲ့ခြေစွမ်းကြောင့် ဆိုးရှားက တစ်နှစ်စာချုပ်တိုးခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ အိုးထရက်ဖို့ဒ်မြေကို တစ်ကျော့ပြန် ရောက်ရှိလာမှုကြောင့် ကာဗာနီဟာ သူ့ရဲ့ကျောနံပါတ် ၇ကိုကော၊ ပုံမှန်ပွဲထွက်ခွင့်ကိုပါ ဆုံးရှုံးခဲ့ရပါတယ်။
လက်ရှိရာသီမှာ ဒဏ်ရာပြဿနာ အချို့ ကိုလည်း ဥရုဂွေးသားကြီးက ရင်ဆိုင်ထားရပြီး မနေ့ညကပွဲစဉ်မတိုင်မီ အသင်းအတွက် ပြိုင်ပွဲစုံရှစ်ပွဲမှာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ နယူးကာဆယ်နဲ့ ပွဲစဉ်မှာတော့ ကာဗာနီဟာ ချေပဂိုးသွင်းယူပေးခဲ့ပြီး အသင်းကို ရှုံးနိမ့်မယ့်အရေးကနေ ကယ်တင်နိုင်ခဲ့ပါတယ်။
သတင်းတွေအရ ဘာစီလိုနာဟာ ကစားသမားဘ၀က အနားယူသွားတဲ့ အဂူရိုရဲ့နေရာမှာ အစားထိုးဖို့ ကာဗာနီကို ၁၈လစာချုပ်နဲ့ ခေါ်ယူဖို့ ကြံစည်နေကြောင်း သိရပါတယ်။
အန်တိုနီ မာရှယ်
၂၀၁၅ရဲ့ ရွှေရောင်လူငယ်ဆု(Golden Boy award)ရခဲ့တဲ့ မာရှယ်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံမှာ ၃၆ပွဲအထိ ကစားခွင့်ရခဲ့ပေမယ့် ၇ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။လက်ရှိရာသီမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့အတူ လေးပွဲသာ ပွဲထွက်ခွင့်ရထားတာဖြစ်ပါတယ်။
သူရဲ့အေးဂျင့်ကတော့ မာရှယ်ဟာ ဇန်နဝါရီမှာ အသင်းမှ ထွက်ခွာမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့အတွက် မာရှယ် မျှော်လင့်နေတာဖြစ်ပြီး ဂျူဗင်တပ်နဲ့နယူးကာဆယ်တို့က သူ့ကိုချိတ်ဆက်နေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဆီးဗီးလားအသင်းက လစာမျှပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ အငှားခေါ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ယူနိုက်တက်ဖက်က ပယ်ချခဲ့ပါတယ်။
ပေါလ်ပေါ့ဂ်ဘာ
ပြင်သစ်ကွင်းလယ်လူရဲ့ စာချုပ်သက်တမ်းဟာ ခြောက်လသာ ကျန်တော့တာဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်နေခဲ့ပါတယ်။လက်ရှိအချိန်ထိတော့ အသင်းနဲ့ကစားသမားကြား သဘောတူညီမှု မရရှိသေးပါဘူး။
တကယ်လို့သာ ပေါ့ဂ်ဘာကို ဒုတိယအကြိမ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုခဲ့ရင် အသင်းအတွက် လှောင်ပြောင်ခံရနိုင်တဲ့ ကိစ္စတစ်ခုပါပဲ။
မန်ယူနည်းပြသစ် ရပ်ဖ်ရန်းနစ်ခ်ကတော့ ပေါဂ်ဘာနဲ့ပတ်သက်ပြီး
“သူဟာ အသင်းမှာ ဆက်မထိန်သိမ်းထားသင့်တဲ့ ကစားသမားမဟုတ်ပါဘူး။ဒါပေမယ့် အချို့ကစားသမား တွေဟာ မန်ယူလိုမျိုး အသင်းကြီးတွေအတွက် ကစားဖို့ အိပ်မက်တွေရှိကြပါတယ်။”
“တကယ်လို့ ကစားသမားတစ်ယောက်ဟာ အသင်းမှာ အကြာကြီး ကစားဖို့ ဆန္ဒမရှိတော့ဘူးဆိုရင် သူရဲ့စိတ်ကို ပြောင်းလဲအောင် နားချနိုင်မယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး”လို့ ဆိုပါတယ်။
ဂျူဗင်တပ်က သူတို့ရဲ့ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူဖို့ ချိတ်ဆက်နေသလို PSG, ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာတို့ကလည်း ပေါ့ဂ်ဘာကို စိတ်၀င်စားနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
လင်ဂတ်
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ၀က်စ်ဟမ်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ လင်ဂတ်ရဲ့ စာချုပ်သက်တမ်းကလည်း လအနည်းငယ်သာ ကျန်ပါတော့တယ်။
လက်ရှ်ရာသီမှာ ပွဲထွက်လူစာရင်းမှာ နှစ်ကြိမ်သာ ပါ၀င်ထားခဲ့တဲ့ လင်ဂတ်နဲ့ စာချုပ်သစ်ကိစ္စကို မန်ချက်စတာယူနိုက်တက်ဟာ ချောင်ထိုးထားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်ဟာ ရာသီကုန်မှာ လင်ဂတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးရအောင် ဇန်နဝါရီမှာ ရောင်းချနိုင်ချေများနေပါတယ်။
ဒင်းဟန်ဒါဆန်
အသင်းရဲ့ အဓိက ဂိုးသမား ဒီဂီယာရဲ့ နောက်မှာ ဒုတိယဦးစားပေး ကစားသမားအဖြစ်သာ ရှိနေတဲ့ ဟန်ဒါဆင်ဟာ လက်ရှိရာသီမှာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ နှစ်ကြိမ်သာပါ၀င်ခွင့် ရခဲ့ပါတယ်။
ဟန်ဒါဆင်သာ ပွဲထွက်ခွင့်ပုံမှန်ရမယ့် အသင်းကို ရှာဖွေနေပြီး ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ရှိနေပြီး လက်ရှိအချိန်မှာ အေဂျက်အသင်းက သူ့ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
ဒွန်နီဗန်ဒီဘိခ်
ဆိုးရှားရဲ့ လက်ထက်မှာ ချောင်ထိုးခံထားရတဲ့ ဗန်ဒီဘိခ်ဟာ မန်နေဂျာသစ် ရပ်ဖ်ရန်းနစ်ခ်ရဲ့ ဦးစားပေးကစားသမား ဖြစ်လာဖို့ မျှော်လင့်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း မန်နေဂျာသစ်ရဲ့ ပထမဆုံး ပွဲစဉ်နှစ်ပွဲမှာသာ ပွဲထွက်ခွင့် ရရှိခဲ့ပြီး အဲ့ဒီနောက်မှာတော့ ဘရူနိုဖာနန်ဒက်စ်၊ဆန်ချိုတို့ရဲ့နောက်မှာသာ ပွဲထွက်ခွင့်ရဖို့အတွက် အရန်ခုံကနေ စောင့်နေရပြန်ပါတယ်။
ဗန်ဒီဘိခ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းမှာ ပါ၀င်ခွင့်ရဖို့အတွက် ပုံမှန်ပွဲထွက်ခွင့် တစ်နေရာအလိုရှိနေတာ ဖြစ်ပြီး နွေရာသီတုန်းက သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ အဲဗာတန်အသင်းကပဲ ဇန်န၀ါရီမှာ ထပ်မံကြိုးစားလာဖွယ်ရှိနေပါတယ်။
ဂျူရန် မာတာ
တစ်ချိန်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲ တစ်ဦးဖြစ်ခဲ့တဲ့ မာတာကတော့ လက်ရှိအချိန်မှာ အရန်ခုံပေါ်မှာပဲ အထိုင်များနေပါတယ်။လက်ရှိရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲထွက်ခွင့် တစ်ကြိမ်သာ ရရှိထားပြီး ပုံမှန်ပွဲထွက်ခွင့်ဆက်မရခဲ့ရင် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြောင်းသိရပါတယ်။လတ်တလော သတင်းတွေအရ အသက်၃၃နှစ်အရွယ် စပိန်ဝါရင့်ကွင်းလယ်လူကို ဘာစီလိုနာက စိတ်၀င်စားနေကြောင်း သိရပါတယ်။
Leave a Reply