အဲဗာတန်နဲ့အမေရိကန်ဂိုးသမားဟောင်း တင်ဟောင်း၀က်ဒ်ကတော့ သူရဲ့အသင်းဟောင်းကို စတန်းဖိုဒ့်ဘရစ်ခ်ျမှာ ချဲလ်ဆီးအနိုင်မရခဲ့တာဟာ လူကာကူမပါ၀င်နိုင်တာကြောင့် ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ပွဲစဉ်အပြီး NBC Sports နဲ့ တွေ့ဆုံတဲ့ အစီအစဉ်မှာ လူကာကူ မပါ၀င်ခဲ့တာကြောင့် လန်ဒန်သားတွေဟာ မာဆေးဆိုဒ်သားတွေကို အနိုင်ရဖို့ ရုန်းကန်ခဲ့ရပြီး သရေရလဒ်သာရခဲ့တာဖြစ်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။
လူကာကူဟာ ကိုဗစ် Positive ဖြစ်နေခဲ့တာကြောင့် အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမယ့် ပွဲစဉ်ကို လွဲချော်ခဲ့ရတာဖြစ်ပြီး သူနဲ့အတူ ဟတ်ဆန်အိုဒွိင်း၊ တီမိုဝါနာနဲ့ ဘန်ချေးလဲဝဲလ်တို့ ဟာလည်း ကိုဗစ် Positive ဖြစ်နေခဲ့ပါတယ်။ အသင်းရဲ့နောက်ထပ်တိုက်စစ်သမား ဖြစ်သူ ကိုင်ဟာဗက်ဇ်ဟာလည်း နေမကောင်းဖြစ်နေတာကြောင့် အဲဗာတန်နဲ့ပွဲစဉ်ကို လွဲချော်ခဲ့ရပြန်တာဖြစ်ပါတယ်။
တူချယ်အနေနဲ့ ဝါနာ၊ လူကာကူ၊ ဟာဗက်ဇ်၊ ကိုင်ဟာဗက်ဇ်တို့မပါ၀င်နိုင်ခဲ့တဲ့ တိုက်စစ်မှာ ပူလီဆစ်ကို False 9 role အဖြစ်အသုံးပြုခဲ့ရပါတယ်။ပူလီဆစ်အတွက် ဒီ Roleဟာ သူကစားနေကျမဟုတ်တာကြောင့် အဆင်မပြေခဲ့ပဲ သူ့အစား လူစားလဲစရာ၊အခြားရွေးချယ်စရာ ကစားသမားလည်း တူချယ်ဆီမှာ မရှိနေခဲ့ပါဘူး။
ဟောင်း၀က်ဒ် ထောက်ပြခဲ့သလို ဘယ်လ်ဂျီယံ တိုက်စစ်မှူးကြီးဟာ ဒဏ်ရာကနေ ပြန်လာခဲ့ပြီးနောက် ဂိုးရှေ့မှာ ပုံစံကောင်းပြနိုင်ဖို့ ရုန်းကန်နေရပေမယ့် သူသာပါ၀င်နိုင်ရင် အပြောင်းအလဲတွေများစွာ ဖြစ်သွားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ အဲဗာတန်ရဲ့ မာကျောတဲ့ခံစစ်ကို ကျော်ဖြတ်ဖို့ ခက်ခဲခဲ့တဲ့ အပြင် ပစ်ဖိုဒ့်ရဲ့ လက်စွမ်းပြမှုတွေကြောင့် ဂိုးရဖို့ ခက်ခဲခဲ့ပြီး မေဆင်မောင့်ရဲ့ သွင်းဂိုးတစ်ဂိုးကိုသာ ရရှိခဲ့ပါတယ်။
“သူတို့(ချဲလ်ဆီး)ဟာ လူကာကူကို ဆုံးရှုးထားခဲ့ရတယ်။ဒီတော့ တိုက်စစ်မှာ ဘောလုံးဆုံးရှုံးချိန်မှာ နောက်ကနေဖိအားပေးပြီး ဘောလုံးလုယူမယ့်၊ ကွင်းလယ်နဲ့ချိတ်ဆက်ကစားပြီး တိုက်စစ်ကို အကောင်းဆုံးမောင်းနှင်နိုင်မယ့်၊ ပြိုင်ဘက်ခံစစ်ကို ပြိုလဲစေမယ့်သူ မပါ၀င်လာခဲ့ဘူး”
“ဒါကြောင့် ချဲလ်ဆီးရဲ့တိုက်စစ်ဟာ အန္တရာယ်သိပ်မများခဲ့ပဲ အဲဗာတန်အတွက် သဘောကျစရာဖြစ်ခဲ့တာပေါ့” လို့ ဟောင်း၀က်ဒ်က ဆိုပါတယ်။
မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချတ်ကလည်း လူကာကူဟာ ချဲလ်ဆီးရဲ့ ချန်ပီယံမျှော်လင့်ချက်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။ အီတလီမြေကနေ လန်ဒန်ကိုတဖန်ပြန်လည်ခြေချလာခဲ့တဲ့ တိုက်စစ်မှူးကြီးဟာ အသင်းနဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ချက်အများအပြားကို ပခုံးထက်မှာ ထမ်းထားရပေမယ့် သူရဲ့စတန်းဖိုဒ့်ဘရစ်ခ်ျဆီတကျော့ပြန် ခရီးက ထင်သလောက်မလွယ်ကူခဲ့တာ ဖြစ်ပါတယ်။
အသင်းဟာ ဂိုးသွင်းယူဖို့အခွင့်အရေးတွေအများအပြားရခဲ့ပေမယ့် အဆုံးသတ်မသေချာမှု၊ ပစ်ဖိုဒ်ရဲ့လက်စွမ်းပြမှုတွေကြောင့် ပထမပိုင်းမှာဂိုးမရခဲ့ပဲ ပွဲပြီးဖို့ မိနစ်နှစ်ဆယ်အလိုမှ မေဆင်မောင့်ရဲ့တစ်လုံးတည်းသော သွင်းဂိုးက အသင်းအတွက် ဦးဆောင်ဂိုးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးပေးပြီးတာနဲ့ ချေပဂိုးအလျင်အမြန်ပြန်ပေးရတဲ့ ထုံးစံကို ဒီပွဲမှာ ဆက်လက်မြင်တွေ့ ခဲ့ရပြီး တည်ကန်ဘောကနေ ချေပဂိုးတစ်ဂိုးပြန်လည်ခွင့်ပြုခဲ့ရပါတယ်။
ဒီသရေရလဒ်ကြောင့် ချဲလ်ဆီးအသင်းဟာ နိုင်ပွဲတွေရယူထားနိုင်ခဲ့တဲ့ မန်စီးတီး၊လီဗာပူးလ်အသင်းတွေနဲ့ အမှတ်ကွာခြားချက်များခဲ့ရပြီး ချန်ပီယံပြေးလမ်းကြောင်းမှာ အနည်းငယ်နောက်ကောက်ကျနေရပါတယ်။ဒဏ်ရာနဲ့ ကိုဗစ်ပြဿနာတွေသာ တူချယ်အတွက်တော့ အကြီးမားဆုံးရင်ဆိုင်နေရတဲ့ ပြဿနာတွေဖြစ်ပါတယ်။
Leave a Reply