ဘရာဇီးတေးသွားကို ဆက်တိုက်ကြားရတော့မှာလား

အာဆင်နယ်အသင်းတိုက်စစ်မှာ  ဂိုးတွေကြပ်တိုင်း ပရိတ်သတ်တွေတောင့်တနေကျ ကိစ္စက ၂ ခုရှိပါတယ်။ အဲ့ဒီအရာတွေကတော့ တိုက်စစ်ပိုင်းကစားသမားအသစ်ဝယ်ဖို့ရယ် ၊ မာတင်နယ်လီ ကစားနိုင်ချိန်ကို မျှော်တာရယ်ဖြစ်ပါတယ်။ အသင်းက တိုက်စစ်မှုးတွေက အသက်အရွယ်နဲ့ ခြေစွမ်းအရ အကျပိုင်းဖြစ်လာချိန် ၊   ရတဲ့အခွင့်အရေးတွေကို အသုံးမချနိုင်ချိန်တွေမှာ ပိုသိသာပါတယ်။

မာတင်နယ်လီနဲ့ပတ်သတ်လို့ကတော့  သူ့ရဲ့ ပထမဆုံးရာသီမှာ ပြတဲ့ခြေစွမ်းကို မြင်ရပြီးကတည်းက အာဆင်နယ်ပရိတ်သတ်အသည်းစွဲဖြစ်နေတဲ့ ဘရာဇီးလူငယ်လေးဖြစ်ပါတယ်။ ဒါပေမယ့် မကြာခနဒဏ်ရာ ရနေတာကြောင့် ကစားလိုက် ၊ မကစားလိုက်အနေအထားမှာသူလဲ ပုံမှန်ခြေစွမ်းမရခဲ့တဲ့အချိန်တစ်ခုကြာခဲ့ပါတယ်။ ဒီလိုနဲ့အခုရာသီမှာတော့ သူလည်း ကြံ့ခိုင်မှုပြန်ပြည့်လာပြီး မဖြစ်မနေဝင်ကစားရမယ့်အခြေအနေကိုလည်း ရောက်လာခဲ့တဲ့နောက် မြက်ခင်းစိမ်းပေါ်မှာ ပြန်မြင်ရပါတော့တယ်။ ပွဲအနဲငယ်ကစားပြီးနောက်မှာတော့ ခြေစွမ်းတဖြေးဖြေးမှန်လာခဲ့ပြီး ၊ သပ်ရပ်တဲ့ဂိုးတွေကိုပါသွင်းယူလာနိုင်ကာ  ပရိတ်သတ်တွေကို သူအသင့်ရှိနေကြောင်း နှုတ်ဆက်လိုက်ပါတော့တယ်။ ဒီအတိုင်းဆိုရင် မာတင်နယ်လီရဲ့ ပထမကစားသမားနေရာက ခိုင်မြဲလာမယ့် သဘောပါပဲ။ 

ဒီတော့ တစ်စ တစ်စ ပိုပိုနာမည်ထွက်လာတဲ့ တိုက်စစ်မှုးလေးရဲ့အကြောင်းကို နဲနဲလေး ပြန်သွားကြည့်ရအောင်ပါ။

သူ့အတွက် အာဆင်နယ်က တတိယမြောက်အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးအသင်းအနေနဲ့ကတော့ ဒုတိယမြောက်အသင်းပါ။  မျက်စေ့လည်သွားမယ်ထင်ပါတယ်။ သူက ကိုရင်သီယန် ဖူဆယ်အသင်းမှာ ကစားသမားဘဝစခဲ့တာဖြစ်ပါတယ်။ ဖူဆယ်ကနေမှ တစ်ဆင့် ဘောလုံးကိုပြောင်းကစားခဲ့သူပါ။

ဘရာဇီး စတုတ္ထတန်းကလပ်  အီတူအာနိုမှာ ကစားသမားဘဝကို စတင်ပြီးတဲ့နောက်  ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက်တို့ဆီမှာလည်း ခြေစွမ်းအစမ်းသပ်ခံခဲ့ဖူးပါတယ်။  ဒါပေမယ့် သူမျှော်လင့်ထားတဲ့ ဥရောပအဆင့်ကစားသမားဘဝကိုတော့  အစောတလျှင်ဖြစ်မလာခဲ့ပါဘူး။ အီတူအာနိုမှာပဲဆက်ကစားရင်း အခွင့်အလှမ်းတွေကိုစောင့်စားနေခဲ့ပါတယ်။ အဲ့ဒီအချိန်တွေမှာ သူဟာ အသက် ၁၈ နှစ်တောင်မပြည့်သေးပါဘူး။ အီတူအာနိုအတွက် ၂ ရာသီကစားပေးခဲ့ပြီး  ၃၄ ပွဲမှာ ၁၀ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့  အာဆင်နယ်နည်းပြ အူနိုင်းနဲ့ ဒါရိုက်တာ အီဒူးတို့ရဲ့ခေါ်ယူမှုကြောင့် အာဆင်နယ်ကို သူရောက်လာခဲ့ပါတယ်။ 

ရိုကျိုးတဲ့စရိုက် နဲ့ ကြိုးစားတတ်တဲ့အမူအကျင့်ကြောင့် သူ့ကို အသင်းမှာလည်းလူချစ်လူခင်များပါတယ်။ သူကလည်း အာဆင်နယ်အသင်းနဲ့အတူ အများကြီးမျှော်လင့်ထားကြောင်း မကြာခန ထုတ်ပြောတတ်ပါတယ်။

ဒီလိုနဲ့  ကာရာဘောင်းဖလား ၊  အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်တွေမှာ ကစားရင်း ဂိုးတွေဆက်တိုက်ရလာပါတယ်။ တဖြေးဖြေးနဲ့ ပရီးမီးယားလိဂ်မှာပါ ကစားခွင့်ရလာခဲ့ပါတယ်။ သူက အာဆင်နယ်နဲ့ အဖွင့်တော့လှပါတယ်။ စစချင်းရာသီမှာ ၂၆ ပွဲကစားပြီး ၁၀ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ချဲလ်ဆီးအသင်းနဲ့ပွဲမှာ ကိုယ်ဖက်ခြမ်းကနေ ဆွဲပြေးပြီး သွင်းယူခဲ့တဲ့ဂိုးဟာ လူကြိုက်အလွန်များခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ဒုတိယရာသီကတော့ မှေးမှိန်ခဲ့ပါတယ်။ Injury Prome ဖြစ်ပြီး မထင်မှတ်ပဲ ကျဆုံးသွားမလားတောင် စိုးရိမ်ရတဲ့အထိပါပဲ။

ယခုရာသီအစမှာတော့ ပွဲထွက်ကစားခွင့်ရရှိရေးနဲ့ပတ်သတ်ပြီး  အသံတချို့ထွက်လာခဲ့တယ်။ နေရာမရရင် အငှားနဲ့ထွက်ကစားမယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့်နောက်ဆုံးမှာတော့ အာတီတာရဲ့ အာမခံချက်ပေးမှုနဲ့အတူ သူအသင်းမှာဆက်ရှိခဲ့တယ်။ နောက်ပြီး ကစားခွင့်စရလာတယ်။ ကျန်တာကတော့ အားလုံးသိတဲ့အတိုင်း အရေးပါတဲ့နေရာကို ရောက်လာခဲ့တယ်။

အသင်းက တိုက်စစ်မှုးမရှိချိန်မှာ အူဘာမီယန်ရဲ့ စည်းကမ်းပိုင်းပြသနာတွေ ၊ ခြေစွမ်းကျဆင်းမှုတွေက မာတင်နယ်လီကို ကစားချိန်ပိုများဖို့ဖြစ်လာစေတယ်။ သူကလဲရသမျှအခွင့်အရေးကိုအသုံးချနိုင်ခဲ့တယ်။ နယူးကာဆယ်နဲ့ပွဲမှာ သွင်းယူတဲ့ဂိုး ၊ မန်ယူနဲ့ပွဲမှာပြတဲ့ခြေစွမ်း စတာတွေကသူနာမည်ကို ပရိတ်သတ်တွေပိုပြီး အားပေးကြဖို့ ၊ ပွဲထွက်ခွင့်ပေးဖို့ တောင်းဆိုကြဖို့ဖြစ်လာတယ်။

အသင်းအတွက်အရေးကြီးတဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ အူဘာမီယန်ရဲ့နေရာကဝင်ကစားပြီး အရေးကြီးတဲ့ဂိုးသွင်း‌ပေးလိုက်ပြီးတဲ့နောက်မှာတော့ မာတင်နယ်လီဟာ ဆက်ပြီးနေရာရတော့မယ့်သဘောရှိနေပါပြီ။  အသက် ၂၀ အရွယ် ၊ ဘောလုံးကစားတာ ၄ နှစ်မြောက်လောက်အရောက်မှာတော့ ကမ္ဘာ့ထိပ်တန်းလိဂ်တစ်ခုမှာ မျက်နှာရစပြုလာပြီဖြစ်ပါတယ်။

မာတင်နယ်လီအတွက် နေရာရဖို့အချိန်တစ်ခုစောင့်ခဲ့ရသလို အာဆင်နယ်ကလည်းတိုက်စစ်မှုးအသစ်ဝယ်မှာဖြစ်လို့ သူ့အတွက်စိန်ခေါ်မှုတွေကတော့မပြီးသေးပါဘူး၊ ဒါပေမယ့်လက်ရှိပြနေတဲ့ခြေစွမ်းကိုဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့  အာဆင်နယ်မှာနေရာတစ်နေရာ ရနိုင်သလို မကြာခင်မှာလည်း ဥရောပ အသင်းကြီးတွေမျက်စေ့ကျလာမယ်လို့ ယူဆရကြောင်းပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: