ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အသင်းရဲ့ခံစစ်ဟာ ပေးဂိုးအမြောက်အမြား ခွင့်ပြုခဲ့ရတဲ့အပေါ် တူချယ်ကတော့ အလွန်အမင်း စိတ်ပူနေပုံမပေါ်ပဲ “အသင်းကို ကြီးမားတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အချိန်မတန်သေးဘူး” လို့ ဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်အချို့က အသင်းရဲ့ခံစစ်ကြောင်းဟာ ပြီးပြည့်စုံတဲ့ ပုံစံတစ်ခုကို ပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ပွဲ အပြီးမှာ ပေးဂိုး ၄ဂိုးသာ ရှိခဲ့တာကြောင့် တူချယ်ရဲ့ချဲလ်ဆီးဟာ မန်နေဂျာဟောင်းမော်ရင်ဟို တင်ရှိထားခဲ့တဲ့ ခံစစ်မှတ်တမ်းကောင်းကို ကျော်ဖြတ်နိုင်တော့မလား ဆိုပြီး စောင့်ကြည့်စရာ ဖြစ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အသင်းရဲ့ခံစစ်စွမ်းဆောင်ရည်ဟာ ကျဆင်းနေပြီး ပြိုင်ပွဲစုံနောက်ဆုံးငါးပွဲမှာ ဆယ်ဂိုးအထိ ခွင့်ပြုခဲ့ရပြီး ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲမှာ ပေးဂိုး ခုနှစ်ဂိုးအထိ ရှိလာခဲ့ပါတယ်။
ဒီလို ပေးဂိုးတွေများပြားလာခဲ့တဲ့အပေါ် တူချယ်ကို မေးခွန်းတွေ ထုတ်လာခဲ့ပေမယ့် ဂျာမန်သားကြီးကတော့ သူရဲ့ အသင်းအပေါ် ယုံကြည်မှု အပြည့်အ၀ ရှိနေပါတယ်။
“အသင်းရဲ့ ကစားပုံဟာ ပေးဂိုးမရှိခြင်း အပေါ် တည်ဆောက်ထားတာမဟုတ်ပါဘူး။ကစားနေရင်းနဲ့ပဲ ပေးဂိုးမရှိဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်လာခဲ့တာပါပဲ”လို့ တူချယ်က Chelsea TV မှာ ပြောပြလာခဲ့ပါတယ်။
“ကျွန်တော်တို့မှာ ပြုပြင်ရမယ့် လိုအပ်ချက်လေးတွေ အချို့ရှိနေသေးပါတယ်။ Clean Sheet လိုချင်တယ်လို့ ပြောရမှာ ကျွန်တော်တို့ ဘယ်တော့မှ မရှက်ပါဘူး။ ဒါပေမယ့်ပေးဂိုးမရှိဖို့ဆိုတာ ကံတရားကော ကြိုးစားမှုပါလိုအပ်ပါတယ်”
“ဒီနေ့မှာ အသင်းဟာ တကယ်ကို တက်တက်ကြွကြွကစားခဲ့တယ်။ရှုံးနိမ့်နေချိန်မှာ အကောင်းဆုံးပြန်လည် တုံ့ပြန်ပြီး ပြိုင်ဘက်ကို ဖိအားပေးခဲ့တယ်။ဒီလိုနဲ့ ပင်နယ်တီတွေရခဲ့တယ်။ ပေးဂိုးတွေ ခွင့်ပြုခဲ့ရတာကြောင့် ဒီလို ကြိုးစားမှုတွေကို မြင်တွေ့ရတာဖြစ်ပြီး ဒါက အနိုင်ရဖို့ အရင်းအနှီးတစ်ခုပါပဲ”
“ဒါကြောင့် အသင်းကို ကြီးမားတဲ့ ပြုပြင်မှုတွေ ပြုလုပ်သွားဖို့မလိုအပ်ပါဘူး။ရလဒ်အပေါ်ကို မဟုတ်ပဲ ကိုယ့်စွမ်းဆောင်ရည်ကိုပဲ ကိုယ်အာရုံစိုက်နိုင်တဲ့အခါ Clean Sheet တွေ ပြန်ရပါလိမ့်မယ်”လို့ တူချယ်က ဆိုခဲ့ပါတယ်။
တူချယ်က အသင်းရဲ့အောင်မြင်မှုဟာ Clean Sheet အပေါ်အခြေခံထားတာမဟုတ်ဘူးလို့ ဆိုခဲ့ပေမယ့်လည်း သူရဲ့လက်အောက်မှာရရှိခဲ့တဲ့ အသင်းရဲ့အောင်မြင်မှုတွေမှာ ခံစစ်မာကြောမှုက အဓိကကျတဲ့ အချက်တစ်ခုဆိုတာ ငြင်းပယ်လို့ တော့မရပါဘူး။ အသင်းရဲ့ ငယ်ရွယ်နုနယ်သေးတဲ့ တိုက်စစ်ကလည်း ပွဲစဉ်တိုင်းမှာ ပြိုင်ဘက်အသင်းထက် ဂိုးတွေပိုသွင်းနေနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကန်တီမပါ၀င်နိုင်တဲ့အချိန်မှာ၊ မန်ဒီရဲ့ လက်စွမ်းကျဆင်းလာမှုတို့ဟာ ခံစစ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်တွေပဲဖြစ်ပါတယ်။
အဲဗာတန်နဲ့ပွဲစဉ်မှာတော့ ကန်တီပြန်လည်ပါ၀င်လာနိုင်ချေရှိပြီး ပြင်သစ်ကွင်းလယ်လူရဲ့ ခံစစ်အပေါ် ကူညီနိုင်မှုတွေနဲ့အတူ အသင်းရဲ့ခံစစ်ဟာ ပြန်လည်ကောင်းမွန်လာဖို ရှိနေပါတယ်။
Leave a Reply