ဘန်ချေးဝဲလ် ချန်ပီယံလိဂ်မှာ ဒဏ်ရာရသွားရာကနေ Anterior Cruciate Ligament (ACL) လို့ခေါ်တဲ့ ရှေ့ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာ အကြောင်းတွေတော်တော်များများကို ပြည်တွင်းပြည်ပသတင်းတွေမှာဆက်တိုက်ဖတ်ရတဲ့အခါ အာဆင်နယ်ပရိတ်သတ်တစ်ယောက်အနေနဲ့ ကစားသမားတစ်ယောက်ကို ပြေးပြီး နှမြောမိပါတယ်။ သတိရတာမဟုတ်ပါဘူး။ တကယ်နှမြောတာပါ။
ဒီလပိုင်းတွေမှာ OG တွေလဲသွင်း ၊ အနီကတ်တွေလဲထိသလို တဖက်မှာလည်း ခြေစွမ်းကောင်းတွေအတိုင်းအတာတစ်ခုထိပြနိုင်တဲ့ သူ့ရဲ့ အကြောင် မြင်တွေ့ရပါတယ်။ အာဆင်နယ်မှာကစားပြီးသွားရင် ဘယ်ရောက်ရောက်ကိုယ့်အသင်းသားလို့ ခံစားရတာကြောင့် သူ့ကိုအဆင်ပြေစေချင်ပေမယ့် ညာတောင်ပံမှာပြေးလွှားနေသူတစ်ယောက်ကတော့ အရှိန်တွေလျော့သွားခဲ့ပါပြီ။ ဘယ်လာရင်ဟာ သေချာပေါက် အရင်လို မလျှင်မြန်တော့သလို စွမ်းဆောင်ရည်တွေလည်း မကောင်းတော့ပါဘူး။ ACL ဟာ အာဆင်နယ်ရဲ့ အသည်းနှလုံးကိုယူသွားခဲ့တာပါပဲ။
လာမာစီယာရဲ့ လူငယ်လေးဟာ အသက် ၁၆ နှစ်ထဲက အာဆင်နယ်ကိုရောက်လာခဲ့တာပါ။ သူ့ရဲ့အစောပိုင်းကာလတွေမှာ ဝက်ဖို့ဒ်အသင်းမှာလဲ အငှားသွားကစားခဲ့ပါသေးတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ ညာတောင်ပံခံစစ်မှာအလွန်လျှင်မြန်တဲ့ ကစားသမားတစ်ယောက်ဖြစ်လာတော့တာပါပဲ။
မကြာခနဒဏ်ရာရတတ်ကြတဲ့ အာဆင်နယ် စီနီယာနောက်ခံလူတွေကြောင့် သူမြန်မြန်ပဲပွဲထွက်ကစားခဲ့ပါတယ်။ ခြေစွမ်းလဲပြနိုင်တာကြောင့် ဆက်တိုက်နေရာရလာပြီး ၂၀၁၅ FA Cup ဖိုင်နယ်မှာပါဝင်ကစားခဲ့ပါတယ်။ လက်ရှိနည်းပြအာတီတာ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူနေချိန်လဲဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၈-၁၉ ဘောလုံးရာသီ ၊ ချဲလ်ဆီးနဲ့ပွဲစဥ်မှာတော့ ဘယ်လာရင်ရဲ့ ကံကြမ္မာဆိုးက စတင်ပါတော့တယ်။ ACL ဒဏ်ရာကို ရရှိသွားခဲ့ပြီးနောက် ကာလအရှည်ကြီးအနားယူဖို့ဖြစ်လာခဲ့ပါတယ်။ ၉ လကြာအနားယူရမယ့်ကာလမတိုင်ခင်မှာ နည်းပြအမ်မရီက ဘယ်လာရင်ဟာ ရင်ဆိုင်စရာရှိတာတွေကို ရင့်ကျက်စွာရင်ဆိုင်သွားခဲ့ကြောင်း ၊ ပိုမိုသန်စွမ်းစွာပြန်လာမယ်လို့ ယုံကြည်ကြောင်းပြောခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ စကားလှလှတွေသာဖြစ်ခဲ့ပါတယ်။ စွမ်းဆောင်ရည်မြင့် ဘယ်လာရင်ပြန်မလာနိုင်တော့ပါဘူး။
ဘယ်လာရင် မကစားနိုင်တဲ့ကာလကြီးဟာ အာဆင်နယ်နောက်တန်း ရွာပျက်နေချိန်လည်းဖြစ်ပါတယ်။ ကြုံရာလူတွေဝင်ကစား ၊ မှားချင်တိုင်းမှား နဲ့ ဘယ်သူမှကိုမလေးစားတော့တာပါ။ သူပြန်ကစားလာနိုင်ချိန်မှာတော့ ညာခြမ်းက နဲနဲလေးပြန်တက်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ မကောင်းတော့တဲ့ဘယ်လာရင် ဟာ ထိုစဥ်က ညာတောင်ပံခံစစ်မှာဝင် ကစားနေတဲ့ ဘယ်သူထက်မဆိုပိုကောင်းနေဆဲဖြစ်လို့ပါ။
အာဆင်နယ်ပရိတ်သတ်တွေပဲဖြစ်ဖြစ် ၊ အခြားအသင်းအားပေးတဲ့သူတွေပဲဖြစ်ဖြစ် ကျန်ခဲ့တဲ့ ၂ နှစ်တာမှာ အာဆင်နယ်ဘာဖြစ်နေခဲ့တယ်ဆိုတာသိကြမှာပါ။ နည်းပြအပြောင်းအလဲတွေ .. အံ့သြစရာရှုံးပွဲဆက်မှုတွေ ၊ ရုပ်ပျက်ဆင်းပျက် ရှုံးပွဲတွေ ၊ ပြသနာတွေပြည့်နှက်နေခဲ့တာဖြစ်တာ အားလုံးအသိ။ ဒီကာလထဲမှာ ဘယ်ကစားသမားကမှ ပုံစံကောင်းရအောင်မတည်ဆောက်နိုင်ခဲ့ပါဘူး။ အဲ့ဒီအထဲမှာ ဘယ်လာရင်လဲအပါအဝင်ပါပဲ။
သူ့ရဲ့ ခြေစွမ်းကလည်း ကောင်းတဲ့နေ့တွေ ရှိပေမယ့် အများအားဖြင့်ကတော့ အမှားတွေစိပ်လာခဲ့ပါတယ်။ တချိန်တုန်းက သိပ်အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေကလည်း ဘယ်လာရင်ကိုပြောပြောဆိုဆိုလုပ်လာကြတာပါပဲ။ ထူးဆန်းတဲ့ကိစ္စတော့လည်းမဟုတ်။
ဒီလိုနဲ့ အာတီတာရဲ့ သွေးသစ်လောင်း စီမံကိန်းမှာ သူမပါဝင်တော့တာသေချာတဲ့နောက် စပိန်ကိုသူပြန်ပါတော့တယ်။ အင်တာဗျူးမှာ သူပြောတာရှင်းလင်းလွန်းလှပါတယ်။
ကျွန်တော် အငှားနဲ့လာတာဆိုပေမယ့် ရေရှည်မရည်ရွယ်ထားရင် အစကတည်းက မလာခဲ့ပါဘူး တဲ့။ အမ်းမရိတ်မြေရဲ့အဝေးကိုသွားဖို့ သူရွေးချယ်ခဲ့ပြီးပြီ။ သူပြန်မလာမှာ အသေအချာပါပဲ။
အာဆင်နယ်ရဲ့လေလွင့်တဲ့နှစ်တွေမှာ ကစားသမားတွေအများကြီးကို ဆုံးရှုံးရတယ်။ ခြေစွမ်းမပြနိုင်သူတွေရှိသလို အသင်းနဲ့အတူ ကျဆင်းသူတွေလဲအများကြီး။
ဘယ်လာရင်က Double Career သမားလို့ ပြောရင်မမှား။ သူကဘောလုံးပွဲမရှိရင် ပြင်သစ်နဲ့ အီတလီက ဖက်ရှင်ပွဲတွေရောက်နေတာ ။ ရှိုးလဲလျှောက်ပါသေးတယ်။ ရုပ်လဲဖြောင့်တော့ ချစ်နေချိန်မှာ ချီးကျူးစရာအပြည့်။ FIFA 2020 ရဲ့ ဒီဇိုင်းပိုင်းမှာလဲ သူပါဝင်အားဖြည့်ထားသေးတယ်။ ဒီတော့စိတ်မပူရတာက ဘောလုံးသမားဘဝ မအောင်မြင်ရင်လဲ စီးပွားပျက်သွားစရာတော့မရှိ။ ရုပ်ရှင်မင်းသားလုပ်ရင်လဲအဆင်ပြေလောက်တယ်။ အာဆင်နယ်ရဲ့ကြော်ငြာတွေမှာ သူသရုပ်ဆောင်တာမဆိုးလှ။
ဘန်ချေးဝဲလ်တစ်ယောက် ACL ကနေ ကောင်းစွာပြန်လာနိုင်ဖို့ ဆုတောင်းပေးပါတယ်။ သမိုင်းမှာ ACL ကနေ အောင်အောင်မြင်မြင်ပြန်လာနိုင်သူတွေလဲအများသား။ ဒီတော့ ချေးဝဲလ်ကို အောင်နိုင်သူထဲမှာပါစေချင်တယ်။ သူတို့က နောက်တန်းအစွန်မှာ ကစားကြတာခြင်းလဲ တူတယ်မဟုတ်လား။ ဒီလိုပဲ တချိန်တုန်းက သိပ်လျှင်မြန်တဲ့ ညာတောင်ပံကစားသမားတစ်ယောက် အာဆင်နယ်မှာ ရှိခဲ့ဖူးတာကိုလဲ ဘယ်တော့မှ မေ့ပျောက်သွားမှာမဟုတ်ပါ။
Leave a Reply