ACL ဒဏ်ရာကိုဖြတ်သန်းအောင်နိုင်ခဲ့ကြသူများ

ချဲလ်ဆီးနဲ့ဂျူဗင်တပ်တို့ ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းရဲ့ ကစားသမား ဘန်ချေးလ်ဝဲလ်ရခဲ့တဲ့ ဒဏ်ရာဟာ Anterior Cruciate Ligament (ACL) လို့ခေါ်တဲ့ ရှေ့ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာဖြစ်နေမှာကို အသင်းနဲ့ပရိသတ်တွေကတော့ စိုးရိမ်နေခဲ့ကြပါတယ်။ ACL သာ အမှန်ဖြစ်ခဲ့ရင် ခွဲစိတ်ကုသမှုတွေအများကြီးခံယူရပြီး ပြန်လည်ကောင်းမွန်လာတဲ့အခါမှာ လည်း ကစားသမားရဲ့ နဂိုခြေစွမ်း ပြန်လည်ရနိုင်ဖို့ ခက်ခဲတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် ဒီဒဏ်ရာဟာ ကစားသမားတွေအတွက် ကျိန်စာတစ်ခုလို ကြောက်ဖို့ ကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။  ဒါပေမယ့်သူတို့ရဲ့ဆုတောင်းတွေမပြည့်ခဲ့ကြပါဘူး၊ ချေးဝဲလ်ရဲ့ ဒဏ်ရာဟာ ACL ဖြစ်ပါတယ်။

အနီးစပ်ဆုံးပြောရမယ်ဆိုရင်ပြီးခဲ့တဲ့နှစ်တွေမှာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူလို့ သတ်မှတ်ခဲ့တဲ့ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ဟာလည်း ဒီလိုမျိုး ရှေ့ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာရခဲ့ပြီးနောက် ကာလအတော်ကြာအနားယူခဲ့ရပြီး သူ့ရဲ့အကောင်းဆုံးအချိန်တွေက ခြေစွမ်းမျိုးပြန်ပြဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒီနေ့ဆောင်းပါးမှာတော့  ACL  နဲ့ရင်ဆိုင်ဖူးကြတဲ့ ကစားသမား ၅ ဦးအကြောင်းကိုရေးပြချင်ပါတယ်။ ဒီအကြောင်းတွေကို ဖတ်ပြီးတဲ့အခါမှာ  ACL ဟာ အလွန်ကြောက်စရာကောင်းတဲ့ ဒဏ်ရာတစ်ခုဖြစ်ပေမယ့် ပြန်လမ်းမရှိတဲ့အရာမဟုတ်ဘူးဆိုတာကိုမြင်လာနိုင်မှာဖြစ်ပါတယ်။

၁။ ရွိင်ကိန်း

သူရဲနီတွေရဲ့နာမည်ကျော် ကစားသမားကြီးဟာ လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ACLဒဏ်ရာရခဲ့ပြီး  ၁၉၉၇-၉၈ဘောလုံးရာသီတစ်ခုလုံးကို လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၉၈-၉၉ရာသီမှာတော့ အသင်းမှာ ပြန်လည်ပါ၀င်နိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ရဲ့သမိုင်း၀င်ဖလားသုံးလုံးအောင်ပွဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။

ဒဏ်ရာရပြီးတဲ့နောက် ရွိင်ကိန်းဟာ အရင်လိုခြေစွမ်းမျိုးပြသဖို့ ရုန်းကန်ခဲ့ရပေမယ့် ၁၉၉၉ခုနစ် ဂျူဗင်တပ်အသင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာတော့ ကမ္ဘာ့အဆင့်ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။

၂။ ဖယ်ကာအို

ကိုလံဘီယာ တိုက်စစ်မှူးဟာ မိုနာကိုအသင်းမှာ ကစားနေရင်း ၂၀၁၄မှာ ရှေ့ဒူးအရွတ်စုတ်ပြဲဒဏ်ရာရခဲ့ပြီး သူရဲ့ အကောင်းဆုံးအချိန်တွေကို စတင်ဆုံးရှုးခဲ့ရပါတယ်။ ဒီဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရပြီး   ဒဏ်ရာကသက်သာလာပြီးတဲ့နောက် အင်္ဂလန်မြေ မန်ယူ၊ချဲလ်ဆီး အသင်းတို့မှာ လာရောက်ကစားတဲ့အခါမှာလည်း ခြေစွမ်းမပြနိုင်ခဲ့ပဲ ရုန်းကန်ခဲ့ရပါတယ်။

 ဒါပေမယ့် ဒါဟာ သူ့အတွက် အဆုံးသတ်တစ်ခုမဟုတ်ခဲ့ပဲ ၂၀၁၆-၁၇မှာ မိုနာကိုအတွက် ၂၉ပွဲယှဉ်ပြိုင်ကစားပြီး ၂၁ဂိုးသွင်းယူ‌ပေးခဲ့တာ လီဂူး၀မ်းချန်ပီယံဖြစ်စေခဲ့ပါတယ်။ ၂၀၁၉မှာ ဂါလာတာစာရေးကို မပြောင်းရွှေ့မီအထိ သွင်းဂိုးများစွာ ထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။

၃။ အီဘရာဟီမိုဗစ်

အီဘရာဟီမိုဗစ်ဟာ ဒဏ်ရာမရစဉ်က ခြေစွမ်းကောင်းတွေပြသခဲ့ပြီး မန်ယူအတွက် ပြိုင်ပွဲစုံ၂၈ဂိုးသွင်းယူပေးခဲ့ပါတယ်။ ရှေ့ဒူးအရွတ်စုတ်ပြဲဒဏ်ရာရခဲ့ပေမယ့် မိုဗစ်ဟာ ဒဏ်ရာကနေအလျင်အမြန် ပြန်လည်သက်သာခဲ့တာကြောင့် အသင်းက စာချုပ်တစ်နှစ်ထပ်တိုးခဲ့ပါသေးတယ်။

ဒါပေမယ့် အသက် ၃၅နှစ်အရွယ်တိုက်စစ်မှူးကြီးအတွက် အရင်လို ခြေစွမ်းတွေပြန်လည်ပြသဖို့ဆိုတာ ခက်ခဲခဲ့ပါပြီ။ဒါကြောင့် ၂၀၀၈ မတ်လမှာ  မန်ယူနဲ့စာချုပ်ကိုဖျက်သိမ်းပြီး မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်ဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အေစီမီလန်အသင်းမှာ ကစားနေပါတယ်။ သူပြနေတဲ့ အစွမ်းတွေကို‌တော့ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။

၄။ အလန်ရှီးယား

ပရီးမီးယားလိဂ်ရဲ့ ဂန္တ၀င်တိုက်စစ်မှူးကြီးဟာလည်း ACLအိပ်မက်ဆိုးကို ဖြတ်သန်းခဲ့ရဖူးပါတယ်။လိဂ်ပွဲ ၂၁ပွဲကစားပြီးချိန်မှာ ၁၆ဂိုးသွင်းယူပြီးနောက် ဘလက်ဘန်းကို ရင်ဆိုင်တဲ့ပွဲမှာ ဒီဒဏ်ရာရခဲ့ပြီး ရာသီလက်ကျန်ပွဲစဉ်အားလုံး လွဲချော်ခဲ့ရပါတယ်။

ဒါပေမယ့် နယူးကာဆယ်တိုက်စစ်မှူးကြီးဟာ ဒဏ်ရာကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး နောက်ရာသီမှာ‌တော့ ပြိုင်ပွဲစုံ‌ပွဲ၄၀မှာ ၃၁ဂိုးသွင်းယူပေးခဲ့ပြီး ဘောလုံးဆောင်းပါးရှင်တွေပေးအပ်တဲ့ Player of the year ဆုကို ရခဲ့ပါတယ်။

အလန်ရှီးယားဟာ နယူးကာဆယ်အသင်းအတွက် သွင်းဂိုးတွေဆက်သွင်းယူပြီး သူရဲ့ကစားသမားဘ၀ကို ကုန်ဆုံးခဲ့ပါတယ်။သွင်းဂိုး ၂၆၀နဲ့ ပရီးမီးယားလိဂ်ရဲ့ ဂိုးအများဆုံးသွင်းယူခဲ့တဲ့ကစားသမားအဖြစ် လက်ရှိအချိန်ထိ စံချိန်တင်ထားနိုင်ခဲ့ပါတယ်။

၅။နစ္စတယ်ရွိင်း

PSV အသင်းအတွက်၁၉၉၉-၂၀၀၀ဘောလုံးရာသီ လိဂ်ပွဲ၂၃ပွဲမှာ ၂၉ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၂၀၀၀ပြည့်နှစ်မှာတော့ နစ္စတယ်ရွိင်းဟာ မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ အကြောင်းဖန်ခဲ့ပါတယ်။

ဒါပေမယ့် ရှေ့ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာရခဲ့တာကြောင့် အဲ့ဒီနှစ်မှာ အပြောင်းအရွှေ့မဖြစ်ခဲ့ပဲ တစ်နှစ်နောက်ကျခဲ့ရပါတယ်။တစ်နှစ်လောက် ဒဏ်ရာကြောင့်အနားယူခဲ့ရပေမယ့် ဖာဂူဆန်ကတော့ သူကိုခေါ်ယူဖို့ ဆက်လက်စိတ်၀င်စားခဲ့တာကြောင့်နောက် နွေရာသီမှာတော့ အပြောင်းအရွှေ့‌ဖြစ်မြောက်ခဲ့ပါတယ်။

ဖာဂူဆန်ရဲ့ယုံကြည်မှုကို နစ္စတယ်ရွိင်းဟာ သူရဲ့သွင်းဂိုးတွေနဲ့အတူ ပြန်လည်ပေးဆပ်ခဲ့ပြီး  ၂၁၉ပွဲမှာ ဂိုး၁၅၀ သွင်းယူပေးနိုင်ခဲ့ပါတယ်။

‌ACLဒဏ်ရာရခဲ့တဲ့နောက်ထပ် နာမည်ကျော်ကစားသမားတွေကတော့ ဇာဗီ၊ မားကိုရုစ်၊ ဒယ်လ်ပီယာရို၊ ရောဘတ်တိုဘတ်ဂီယိုတို့ ဖြစ်ပါတယ်။သူတို့အားလုံးဟာဒဏ်ရာပြဿနာကနေ အကောင်းဆုံးပြန်လည်နိုးထနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်မှာ သူတို့ရဲ့ နာမည်တွေကို ရွှေရောင်စာလုံးနဲ့ ရေးထိုးနိုင်ခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: