လူငယ်တွေရဲ့ ရုန်းအားနဲ့ အမ်းမရိတ်မှာ အနိုင်ရသွားခဲ့တဲ့ အာဆင်နယ်

ဒီတစ်ပတ်ရဲ့ ပထမဆုံးပွဲအဖြစ်ကစားခဲ့ရတဲ့အာဆင်နယ်တို့ကတော့ ရင်တမမနဲ့ပဲ ၃ မှတ်ရသွားခဲ့ပါပြီ။

ကွင်းလယ် မှာ အိုဒီဂတ်က ဝင်ကစားပြီး ဘောလုံးဖြန့်ဖို့ကြိုးစားတဲ့ကစားကွက်နဲ့   ပိတ်ဆို့ထားတဲ့ နယူးကာဆယ်ရဲ့ ခံစစ်အဆင့်ဆင့်ထိပ်တိုက်တွေ့ဆုံကြတဲ့အခါ အာဆင်နယ်ရဲ့ လိုအပ်ချက်ဟာပိုပြီးမြင်သာလာပါတယ်။ အာဆင်နယ်တို့ဟာ အများအားဖြင့်စိုးမိုးထားနိုင်ပေမယ့် ဂိုးသွင်းခွင့်တော့ ရှားပါးလှပါတယ်။ အာဆင်နယ်တို့ဟာ တစ်ပွဲလုံးမှာ  ၆၆ ရာခိုင်နှုန်းဘောလုံးပိုင်ဆိုင်ပြီး ၊  အန္တရာယ်ရှိတဲ့တိုက်စစ်ဆင်မှု ၇၁ ကြိမ်ပြုလုပ်နိုင်ပေမယ့် ၂ ဂိုးသာရခဲ့တာဟာ အသင်းရဲ့လိုအပ်နေတဲ့နေရာကို အလွန်သိသာစေပါတယ်။

တိုက်စစ်အားနဲမှုတင်မကပါဘူး။ အာဆင်နယ်တို့ဟာ ယခုပွဲမှာ အသင်းခေါင်းဆောင်မပါပဲ ကစားရတယ်လို့တောင်ဆိုရမလားပါပဲ။ အူဘာမီယန်ဟာ တဖက်အသင်းက ပိတ်ဆို့ထားတဲ့အခါ ဘယ်လိုရှင်းထုတ်ရမယ်ဆိုတဲ့ ကွင်းတွင်းဦးဆောင်မှုပေးနိုင်ဖို့ဆိုတာ ဝေလာဝေး။ သူကိုယ်တိုင် နောက်ခံလူနှစ်ယောက်ကြားမှာ ညပ်နေပြီး နေရာမယူနိုင် ၊  တောင်ပံကဘောလုံးကိုင်ထားသူတွေအတွက် Passing Option   တစ်ခုလုံးဝဖြစ်မလာခဲ့ပဲ  လွတ်လွတ်ကျွတ်ကျွတ်ရတဲ့အခွင့်အရေးတွေကိုပါ ဆိုးရွားလှတဲ့အရည်အသွေးနဲ့ ကန်သွင်းခဲ့ပါတယ်။

နောက်ပြီးသက်သေပြချင်လွန်းနေတဲ့ တာဗာရက်စ်ကို ထိန်းကြောင်းရမှာ သြဇာရှိတဲ့ အသင်းခေါင်းဆောင်ရဲ့တာဝန်ပါ။ ဒီတာဝန်ကိုရော သူ့တာဝန်မှန်းသူ သိရဲ့လားမပြောတတ်ပါဘူး။ တာဗာရက်စ်ဟာ တစ်ပွဲလုံးမှာ ဖန်တီးမှုတစ်ကြိမ်လုပ်ပေးနိုင်ခဲ့တယ်ဆိုပေမယ့်  သူဖြုန်းတီးခဲ့တာတွေ ၊ အစွမ်းပြချင်ဇောများပြီး အသင်းလိုက်ကစားကွက်ကို ဖျက်ဆီးနေခဲ့တာကပိုများပါတယ်။

ကံကောင်းတာကတော့ လူငယ်တွေရဲ့ ရုန်းအား ၊ စိတ်ဓါတ်နဲ့ စွမ်းဆောင်ရည်ပါပဲ။ စမစ်ရိုး နဲ့ ဆာကာရဲ့တွဲလုံးကို တာဗာရက်စ်အလိုက်သင့်ချပေးတာကနေ သွင်းယူသွားတဲ့ ဆာကာ ရဲ့ ပထမဂိုးဟာ အာဆင်နယ်ကိုအသက်ရှုချောင်သွားစေခဲ့ပါတယ်။ မိနစ် ၆၀ ဝန်းကျင်မှာသာ ဦးဆောင်ဂိုးမရခဲ့ရင် ဖိအားပိုများပြီး ပွဲရဲ့ရလဒ်တစ်မျိုးတစ်ဖုံပြောင်းသွားနိုင်ပါတယ်။

ဆာကာအနေနဲ့ အငြင်းပွားစရာမရှိ အရည်အသွေးမြင့်လူငယ်တစ်ဦးဖြစ်ပေမယ့် အခုထက်ပိုပြီး အဆုံးသတ်ပိုင်းတွေအားကောင်းမယ်ဆိုရင် နောက်ထပ်တစ်ဆင့်မြင့်တဲ့ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာမှာပါ။ ဒါက အခုပွဲတစ်ပွဲထဲအတွက်ပြောတာမဟုတ်ပါဘူး။

နောက်ပြီး ဒီနေ့ပွဲမှာ ပုံမှန်စွမ်းဆောင်ရည်အောက်ရောက်နေခဲ့တာက ပါတေးဖြစ်ပါတယ်။ သူရဲ့ ပေးပို့မှုတွေဟာ  ပုံမှန်ပဲရှိခဲ့သလို Risk  ယူပြီး အရှေ့ကို ထိုးပေးတာတွေကလည်း မရှိသလောက်ပါပဲ။ အိုဒီဂတ်ဟာ ဘောလုံးကိုင်ပြီး  တိုက်စစ်မှုးဆီကိုပေးပို့ဖို့ ကြိုးစားပေမယ့် သူတွဲကစားရတာ အူဘာမီယန် ဖြစ်နေတဲ့အတွက်ကြောင့် တောင်ပံနဲ့ပြန်တွဲတာကိုသာအများဆုံးပြုလုပ်နေရပါတယ်။ သူ့ရဲ့ ဖရီးကစ်ကို ဂိုးသမားပုတ်ထုတ်သွားနိုင်တာကလည်း နှမြောစရာဖြစ်ခဲ့ရပါတယ်။

ရမ်းစ်ဒေး ကတော့ ပုံစံကောင်းကိုဆက်လက်ထိန်းထားနိုင်ဆဲဖြစ်ပြီး ရှဲလ်ဗီရဲ့ ကန်သွင်းချက်တွေအပါအဝင် ထိုးဖောက်မှုများစွာကို ပြုလုပ်သွားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ရဲ့   Team Play  ဟာ မဆိုးပေမယ့် ရသမျှအခွင့်အရေးတွေကို အရယူနိုင်ဖို့ကတော့   Next Level Player အနဲဆုံး ၃ ယောက်လောက်လိုအပ်နေပါသေးတယ်။  တဖက်နောက်တန်းက အာရုံစူးစိုက်မှုနဲပါးပြီး အခွင့်အ‌ရေးတွေအများကြီးရလာတဲ့အခါမျိုးမှာ ကွင်းလယ်ကိုထိမ်းချုပ်ပြီး ဂိုးတွေအဖြစ်ပြောင်းလဲဖို့က အခုလူစာရင်းနဲ့ဆိုရင်တာ့ နောက်ထပ်နှစ်တွေစောင့်မှရပါလိမ့်မယ်။ အာဆင်နယ်လူငယ်တွေရဲ့  ပင်ကိုယ်အရည်အသွေးနဲ့ အားထုတ်မှုက အားရစရာကောင်းပေမယ့် အခုထက်ပိုပြီးလုပ်ပြချင်ရင်တော့ အကန့်အသတ်တွေရှိနေပါတယ်။

ဒုတိယဂိုးကိုတော့ ပရိတ်သတ်တွေအလွန်တောင့်တနေတဲ့ မာတင်နယ်လီက  တိုမီယာစုရဲ့အမြင့်ဖြတ်တင်ဘောကို သေသပ်စွာ သွင်းယူသွားခဲ့ပါတယ်။ ဒီဂိုးဟာ မာတင်နယ်လီအတွက် သူ့ရဲ့အရည်အသွေးကို ပြသနိုင်တာဖြစ်သလို ၊ အာဆင်နယ်အတွက်လည်း နောက်ထပ်ရလိုက်တဲ့ အားအင်တစ်ခုပဲဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ဒီနေ့ပွဲမှာလျှင်မြန်တဲ့ကစားသမားတွေရဲ့အားကိုသုံးပြီး တန်ပြန်တိုက်စစ်ကစားဖို့ပြင်ဆင်ခဲ့ပေမယ့် လိုအပ်ချက်တွေရှိနေသလို ၊ အာဆင်နယ်နောက်တန်းနဲ့ ဂိုးသမားရဲ့ စွမ်းဆောင်ရည်ကလည်း ကောင်းမွန်နေတာကြောင့်ဂိုးမရနိုင်ခဲ့တာဖြစ်ပါတယ်။

၂-၀ ဖြစ်သွားပြီးတဲ့နောက်မှာ နယူးကာဆယ်တို့ ဦးတည်ချက်ပျောက်သွားခဲ့ပြီး အာဆင်နယ်တို့ အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် ဂိုးတွေဖြစ်သွားအောင်လုပ်ဖို့ မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ အူဘာမီယန် နေရာဝင်လာတဲ့ လာကာဇက်ကို မာတင်နယ်လီချပေးတဲ့ တစ်ကြိမ် ၊ တာဗာရက်စ်ရဲ့ ဖြတ်တင်ဘောကို မာတင်နယ်လီကန်ခွင့်ရတာတစ်ကြိမ်နီးစပ်ခဲ့ပေမယ့် ဂိုးတော့ထပ်မဖြစ်ခဲ့ပါဘူး။ နောက်ပြီး လူစားမလဲခင် စမစ်ရိုး ချပေးတဲ့တစ်လုံးမှာလဲ အူဘာမီယန် နှေးနေလို့ ကန်တောင်မကန်လိုက်ရပြန်ပါဘူး။ တိုက်စစ်မှုးနေရာဟာ အာဆင်နယ်တို့ တကယ်ကိုလိုအပ်နေတဲ့ နေရာဖြစ်တယ်ဆိုတာ ဒီပွဲမှာအလွန်မြင်သာခဲ့ပါတယ်။

ဘယ်လိုပဲဆိုစေ … လူငယ်တွေရဲ့အားနဲ့ နောက်ထပ်   နိုင်ပွဲတစ်ပွဲတော့ထပ်ရခဲ့ပြန်ပါြပီ။ ဇယားထိပ်ပိုင်းကအသင်းတွေထိပ်တိုက်တွေ့တဲ့ပွဲစဥ်တွေလဲရှိတာမို့ အမှတ်ပေးဇယားရပ်တည်မှုမပြောင်းလဲသေးပေမယ့် အမှတ်ကွာဟမှုတွေထပ်ဖြစ်လာဖို့ကိုတော့ အာဆင်နယ်တို့ကောင်းကောင်းမျှော်လင့်နိုင်သွားပြီဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: