မော်ရင်ဟိုရဲ့စံချိန်ကို တူချယ်ရဲ့အသင်းက ရိုက်ချိုးပြတော့မှာလား

ပရီးမီးယားလိဂ်ရဲ့ အထင်ကရစံချိန်များစွာရှိပါတယ်။ ဥပမာ မန်စီးတီးအသင်းက ရမှတ် ၁၀၀ နဲ့ ဖလားရခဲ့တာ၊ လီဗာပူးလ်အသင်းက ရာသီပြီးဆုံးဖို့ ၇ ပွဲအလိုမှာ ချန်ပီယံဖြစ်ခဲ့တာ ဒါမှမဟုတ် အာဆင်နယ်က တစ်ရာသီလုံးရှုံးပွဲမရှိပဲ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာမျိုး‌ဖြစ်ပါတယ်။ဒီလိုအထင်ကရ စံချိန်မှတ်တမ်းတွေထဲမှာ မော်ရင်ဟိုလက်ထက်တုန်းက ချဲလ်ဆီးအသင်းဟာ တစ်ရာသီလုံး သွင်းဂိုး ၁၅ဂိုး သာခွင့်ပြုခဲ့ရတဲ့ ခံစစ်မှတ်တမ်းဟာလည်း အကြီးကျယ်ဆုံး စံချိန်တွေထဲက တစ်ခုဖြစ်ပါတယ်။

ပရီးမီးယားလိဂ်လို အပြန်အလှန်သွင်းဂိုးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိတတ်တဲ့ ပြိုင်ပွဲမျိုးမှာ ဒီလို ခံစစ်စံချိန်ကောင်းရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။၂၀၀၄-၂၀၀၅ ရာသီမှာ တင်ခဲ့တဲ့ ‌ချဲလ်ဆီးအသင်းရဲ့စံချိန်ကို ပြီးခဲ့တဲ့ ၁၆ရာသီလုံး ဘယ်သူမှ စိန်မ ခေါ်နိုင်ခဲ့ပါဘူး။

မော်ရင်ဟိုဟာ ခံစစ်အားပြုတဲ့ ကစားဟန်နဲ့ချဲလ်ဆီးကို ပုံဖော်ခဲ့တာကြောင့် ဒီစံချိန်ကိုရခဲ့တာလို ငြင်းလို့လည်းရပါတယ်။မော်ရင်ဟိုဟာ သူ့လက်ထက်မှာသူ့အသင်း‌ဟောင်းက တန်ဖိုးကြီး ခံစစ်ကစားသမားတွေဖြစ်တဲ့ ကာဗယ်ဟို၊‌ဖာရဲရားတိုကိုခေါ်ယူခဲ့သလို ဂိုးသမားနေရာအတွက်လည်း ပီတာချက်ကိုခေါ်ယူခဲ့ပါတယ်။ချဲလ်ဆီး စံချိန်သစ်တင်ခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ ဂိုးသွင်းနှုန်းကလည်း နည်းခဲ့သလို သွင်းဂိုး ၆၀ကျော်သွင်းနိုင်တဲ့ အသင်းကလည်း နှစ်သင်းသာရှိခဲ့ပါတယ်။ဒါကြောင့် မော်ရင်ဟိုနဲ့ ချဲလ်ဆီးအသင်း လုပ်ပြနိုင်ခဲ့တာအရာဟာ အခုလက်ရှိရာသီတွေမှာတော့ လုံး၀မဖြစ်နိုင်သလောက်ပါပဲ။

ဒီလို မဖြစ်နိုင်တဲ့စံချိန်ကိုပဲ လက်ရှိပရီးမီးယားလိဂ်ရာသီမှာတော့  စိန်ခေါ်နိုင်မယ့်သူတွေ ထွက်ပေါ်လာပြီး ၊ ထိုအသင်းကလည်း အခြားအသင်းမဟုတ်ပဲ သောမတ်စ်တူချယ်ရဲ့ ချဲလ်ဆီးအသင်းပဲ ဖြစ်နေပါတယ်။တူချယ်ဟာ ချဲလ်ဆီးမှာ နောက်တန်းသုံးယောက်ခံစစ်ပုံစံတစ်ခုကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ် ။တူချယ်ရဲ့ဗျူဟာက အောင်မြင်ခဲ့ပြီး သူနည်းပြခဲ့တဲ့ပထမဦးဆုံး ပွဲ၅၀မှာ ဂိုးမပေးရတဲ့ပွဲစဉ် ၃၁ပွဲအထိရှိခဲ့ပါတယ်။ ခွင့်ပြုခဲ့ရတဲ့ဂိုးကလည်း ၂၄ဂိုးသာရှိပြီး ဒါဟာ တူချယ်ကလွဲလို့   ပရီးမီးယားလိဂ်ကို လာရောက်ခဲ့တဲ့ နိုင်ငံခြားနည်းပြ ၈၅၀ နီးပါးလုံး မစွမ်းဆောင်နိုင်ခဲ့တဲ့ စံချိန်တစ်ခုလည်းဖြစ်ပါတယ်။

လမ်းပတ်လက်ထက်မှာ ချဲလ်ဆီးဟာ ခံစစ်တိုက်စစ်မျှတအောင်ကစားနိုင်ခဲ့ခြင်းမရှိပဲ ပေးဂိုးတွေအများကြီး ခွင့်ပြုခဲ့ရတာကြောင့်  တူချယ်ဟာ သူ့လက်ထဲမှာတော့ ချဲလ်ဆီးကို ပိုပြီးခံစစ်ဆန်အောင်ပြောင်းလဲခဲ့ပါတယ်။အစောပိုင်းမှာ ကစားသမားတွေကိုယ်တိုင်  ခံစစ်အားပြု ကစားရတာကို သဘောမကျခဲ့ပေမယ့် ခုချိန်မှာတော့ သူတို့လောက်ကောင်းအောင်ဆော့နိုင်တဲ့သူ အတော်ရှားသွားခဲ့ပါပြီ။ ရူဒီဂါ၊ သီယာဂိုဆေးလ်ဗားနဲ့ ချာလိုဘက်တို့အတွဲဟာ ခံစစ်မှာ အတွဲညီသလို တိုက်စစ်နဲ့ ခံစစ်ကို တွဲဖက်ဆော့ကစားပေးရတဲ့ ဘယ်ညာ wing back ကစားသမားတွေကလည်း လက်ရှိကမ္ဘာပေါ်မှာ အကောင်းဆုံးအတွဲအဖက် လို့ ပြောလို့ရတဲ့ ရိစ်ဂျိမ်းနဲ့ ချေးဝဲလ်တို့ရဲ့အတွဲအဖက်ဖြစ်နေပြန်ပါတယ်။သူတို့ရဲ့တိုက်စစ်လိုက်ပါမှုတွေကနေ  ဂိုးသွင်းယူမှုတွေနဲ့ ဖန်တီးမှုတွေ ခဏခဏလုပ်ပြနိုင်တာကလည်း ချဲလ်ဆီးဟာ ခံစစ်ပိုကောင်းလား တိုက်စစ်ပိုကောင်းသလားလို့ မေးခွန်းထုတ်စရာလောက်ပါပဲ။ရိစ်ဂျိမ်းဟာ လက်ရှိမှာ ချဲလ်ဆီးအသင်းရဲ့သွင်းဂိုးအများဆုံးကစားသမားလည်းဖြစ်ပါတယ်။ 

ကွင်းလယ်သုံးယောက်ဖြစ်တဲ့ ကန်တေ၊ဂျော်ဂျင်ဟို၊ကိုဗာဆစ်တို့ကလည်း အသင်းရဲ့ခံစစ်ကိုသာမက ကစားကွက်ပုံဖော်ဖို့ ၊ဘောလုံးကို‌အကောင်းဆုံးဖြန့်ဝေပြီး အခွင့်အရေးတွေဖန်တီးပေးဖို့ ဒါမှမဟုတ် ဂိုးတွေသွင်းယူဖို့ပါ ‌ဆာ‌လောင်နေတတ်တဲ့သူတွေပါပဲ။

ကျစ်လစ်တဲ့ ခံစစ်ရဲ့‌ နောက်မှာနေရာယူထားတဲ့ ဂိုးသမားမန်ဒီကလည်း လက်ရှိပုံစံအရ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးဆိုတာ ငြင်းစရာမရှိလောက်အောင်ပါပဲ။သူ့ရဲ့ဂိုးပေါက်ကာကွယ်မှုက ၉၃.၃ရာခိုင်နှုန်းအထိရှိပြီး ဒါဟာ ပရီးမီးယားလိဂ်မှာရှိတဲ့ ဘယ်ဂိုးသမားတွေမှ မစွမ်းဆောင်နိုင်တဲ့ ကိန်းဂဏန်းတစ်ခုပဲဖြစ်ပါတယ်။

တူချယ်ဟာ မတူညီတဲ့ အားသာချက်တွေရှိတဲ့ အကောင်းဆုံးကစားသမားတွေကို နေရာမှန် ဗျူဟာမှန်နဲ့ ချထားနိုင်ပြီး အကောင်းဆုံးလူစာရင်းတစ်ခုကို တည်ဆောက်ထားနိုင်တယ်ဆိုတာ  ငြင်းပယ်စရာမရှိပါဘူး။

ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်၁၂ပွဲအပြီးမှာတော့ တူချယ်ရဲ့ ချဲလ်ဆီးအသင်းဟာ ၄ဂိုးသာ ခွင့်ပြုခဲ့ရပြီး ကစားပွဲ ၃ပွဲမှာ ၁ဂိုးနှုန်းသာ ပေးဂိုးတွေ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ဒီပုံစံအတိုင်းဆို တူချယ်ရဲ့ချဲလ်ဆီး ဟာ မော်ရင်ဟိုရဲ့ချဲလ်ဆီးအသင်းတင်ခဲ့တဲ့စံချိန်ကိုချိုးဖျက်ပြီးမဖြစ်နိုင်ဘူးလိုထင်ရတဲ့ အရာတစ်ခုကို လုပ်ပြနိုင်တော့မှာလား ဆိုတာ စိတ်၀င်စားဖို့ တကယ်ကို ကောင်းနေပါပြီ။

မန်ဒီ၊ ရိစ်ဂျိမ်း၊ သီယာဂိုဆေးလ်ဗား၊ ချာလိုဘက်၊ ရူဒီဂါ၊ ချေးလ်ဝဲ၊ ကန်တေတို့ တစ်သိုက် တူချယ်ရဲ့လက်အောက်မှာ စတန်းဖို့ဒ်ဘရစ်ခ်ျအတွက် စံချိန်သစ်တစ်ခုရယူ‌ပေးတော့မလားဆိုတာ စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရပါတော့မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: