စနေနေ့က ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက အိမ်ရှင်လက်စတာစီးတီးကို သုံးဂိုးပြတ်နဲ့ အနိုင် ရခဲ့ပါတယ်။ဒီပွဲစဉ်မှာ ပါ၀င်ခဲ့တဲ့ ချဲလ်ဆီးကစားသမားတွေရဲ့ Ratingsတွေကိုတော့ အခုလိုပဲ တွေ့ရပါတယ်။
ဂိုး-မန်ဒီ (၇/၁၀)
ဒီပွဲမှာ ရေဘဝဲကြီးအနေနဲ့ Clean Sheet ရယူနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ဂိုးပေါက်မှာ လက်စွမ်းလည်း ပြနိုင်ခဲ့ပါတယ်။ လက်စတာကစားသမား အမာတေရဲ့ကောင်းမွန်တဲ့ အဝေးကန်ချက်ကို ကာကွယ်နိုင်ခဲ့သလို တစ်ပွဲလုံးလည်း အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားနိုင်ခဲ့ပြီး ခံစစ်ကို အကောင်းဆုံး ညွှန်ကြားနိုင်ခဲ့ပါတယ်။
နောက်တန်း
ချာလိုဘတ်(၇/၁၀)
ချာလိုဘတ်အနေနဲ့ ဒီပွဲမှာ လက်စတာတိုက်စစ်ကို ထူးထူးခြားခြား တားဆီးပြတာမျိုးတော့ မရှိခဲ့ပေမယ့် အမှားမရှိပဲ ကစားနိုင်ခဲ့ပြီး တိုက်စစ်လိုက်ပါကစားနေတဲ့ ရိစ်ဂျိမ်းရဲ့နေရာလွတ်တွေကိုလည်း ဖြည့်ကစား ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။
သီယာဂို ဆေးလ်ဗား (၈/၁၀)
ဘရာဇီးလ်နောက်ခံလူဟာ သူ့ရဲ့အသက်အရွယ်အရ လက်စတာတိုက်စစ်မှူးဗာဒီရဲ့ လျင်မြန်မှုနဲ့ ယှဉ်မရ ပေမယ့် သမ္ဘာနဲ့ ထိန်းချုပ်ကစားသွားခဲ့တာ တွေ့ရပါတယ်။ရူဒီဂါနဲ့ တွဲဖက်ပြီး ဝါရင့်နောက်ခံလူတစ်ယောက်ရဲ့ ခြေစွမ်းကောင်းကို ပြသခဲ့ပါတယ်။
ရူဒီဂါ(၉/၁၀)
ဂျာမနီသားကြီးဟာ ချဲလ်ဆီးအသင်းရဲ့ အဖွင့်ဂိုးကို ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူပေးခဲ့သလို နောက်တန်းမှာလည်း သီယာဂိုဆေးလ်ဗားနဲ့အတူ တစ်ပွဲလုံး အမှားအသွင်းလုံး၀မရှိပဲ လက်စတာ တိုက်စစ်ကို လှုပ်မရအောင် ထိန်းချုပ်သွားခဲ့တာဖြစ်ပါတယ်။
ကွင်းလယ်
ရိစ်ဂျိမ်း(၈/၁၀)
သူ့ကို ထိန်းချုပ်ကစားဖို ကြိုးစားခဲ့တဲ့လက်စတာကွင်းလယ်လူ ကတ်စ်တိန်း အတွက်တော့ အိပ်မက်ဆိုးတွေ မက်ရလောက်အောင် ရိစ်ဂျိမ်းဟာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ရှေ့လယ်နောက် အတက်အဆင်း မှန်မှန်နဲ့ ကစားသွားခဲ့ပြီး တိုက်စစ်ရော ခံစစ်မှာပါ တာ၀န်ကျေခဲ့တာဖြစ်ပါတယ်။
ကန်တီ (၈.၅/၁၀)
ပြင်သစ်သားကြီးဟာ သူ့ရဲ့ပုံစံအတိုင်းမမောမပန်း တစ်ကွင်းလုံးပြေးလွှားပြီး လက်စတာ အသင်း တိုက်စစ် မစခင်မှာပဲ ကွင်းလယ်ကနေ ဖြတ်တောက်ထားခဲ့ပါတယ်။ချဲလ်ဆီးအသင်းရဲ့ ဒုတိယသွင်းဂိုးကိုလည်း ဧရိယာ အပြင်ကနေ ဘယ်ခြေနဲ့ လှလှပပသွင်းယူပေးခဲ့ပါတယ်။
ဂျော်ဂျင်ဟို(၈/၁၀)
ကွင်းလယ်မှာ သူလုပ်ရမယ့်အလုပ်ကို ပြောစရာမရှိအောင် ကောင်းကောင်းမွန်မွန်လုပ်ပြနိုင် ခဲ့ပါတယ်။ ကွင်းလယ်မှာ ဘောလုံးကို အကောင်းဆုံးကိုင်ထားပြီးချဲလ်ဆီးအသင်း တိုက်စစ်ဆင်နိုင်ဖို့ လမ်းကြောင်း တွေဆီ ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။ ဖိအားမရှိပဲ တည်တည်ငြိမ်ငြိမ်နဲ့ ကွင်းလယ်မှာ ဆော့ပြနိုင်ခဲ့တာက ချီးကျူးစရာပါပဲ။
ချေးဝဲလ်(၈/၁၀)
သူ့အနေနဲ့ကစားချိန် အစောပိုင်းကတည်းက သွင်းဂိုးတစ်ဂိုးရယူနိုင်လုနီးပါးဖြစ်ခဲ့ပါသေးတယ်။နောက်တော့ ရူဒီဂါသွင်းယူခဲ့တဲ့ခေါင်းတိုက်ဂိုးကို ထောင့်ကန်ဘောကနေ ဖန်တီးပေးခဲ့ပါတယ်။အတက်အဆင်းမှန်မှန်နဲ့ တိုက်စစ်နဲ့ ခံစစ်နှစ်ခုစလုံးမှာ တာ၀န်ကျေခဲ့ပါတယ်။
မေဆင်မောင့်(၆/၁၀)
ချဲလ်ဆီးဂိုးပြတ်နိုင်ခဲ့ပေမယ့် မေဆင်မောင့်ရဲ့ နေ့တော့ မဟုတ်ခဲ့ပါဘူး။အကောင်းဆုံးပုံစံမှာရှိမနေခဲ့ပဲ သူကစားနေတဲ့ ညာခြမ်းမှာ လက်စတာကစားသမားတွေက ချဲလ်ဆီးကို အလုပ်များစေခဲ့ပါတယ်။ ဆိုးဝါးတဲ့ခြေစွမ်းတော့မဟုတ်ပဲ ဒီထက်ပိုကောင်းကောင်း ကစားဖို့လိုအပ်ခဲ့တာဖြစ်ပါတယ်။
အိုဒွိင်းလ်(၇/၁၀)
သူရဲ့အဆက်မပြတ် ဖိအားပေးမှုတွေနဲ့အတူ လက်စတာစီးတီးကို အလုပ်များစေခဲ့ပြီး ဘယ်ခြမ်းကနေလည်း အခွင့်အရေးကောင်းတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ပြီးပြည့်စုံတဲ့ ပုံစံကောင်းတစ်ခုတော့မဟုတ်ပေမယ့် လက်စတာကွင်းလယ်နဲ့ခံစစ်ကို တော်တော်လေး ခြိမ်းခြောက်ကစားနိုင်ခဲ့ပါတယ်။
ရှေ့တန်း
ဟားဗတ်ဇ် (၆/၁၀)
ဒီပွဲမှာ မေဆင်မောင်နဲ့ အတူ ခြေစွမ်းကောင်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ နောက်တစ်ယောက် က ဟားဗတ်ဇ်ပဲဖြစ်ပါတယ်။ လက်စတာခံစစ်ကို ကျော်ဖြတ်ပြီး ဂိုးသွင်းယူဖို အခက်အခဲတွေ့နေခဲ့ပေမယ့် ပုံစံကောင်းအချိုတော့ ပြသနိုင်ခဲ့ပါတယ်။
Leave a Reply