ချဲလ်ဆီးမန်နေဂျာ တူချယ်ဟာ လာမယ့်ဘောလုံးရာသီတွေအတွက် အသင်းရဲ့ကွင်းလယ်လူ ကန်တေရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး တိကျတဲ့ ဆုံးဖြတ်တစ်ခု ပြုလုပ်ရတော့မှာဖြစ်ပါတယ်။ အသင်းမှာလဲခြေစွမ်းပြနေတဲ့ လူငယ်ကွင်းလယ်လူတွေကလဲ အများကြီးပါပဲ။ သတင်းတွေမျိုးစုံကြားမှာ အတည်ပြုလို့ရမရ မသေချာသေးပေမယ့် ချူမန်နီနဲ့ပတ်သတ်ပြီး ကန်တေရဲ့ နေရာကိုအစားထိုးမယ့် ကစားသမားလို့ နာမည်ထွက်နေတာကတော့ကြာပါပြီ။ ဒါကြောင့်သတင်းအစအနလေးတွေနဲ့ ကစားသမားအကြောင်းနဲနဲဆွဲထုတ်ကြည့်ရအောင်။
ကန်တေဟာ ၂၀၁၆မှာ လက်စတာကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့ပြီးကတည်းက အသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ကွင်းလယ်မှာ မရှိမဖြစ်အရေးပါတဲ့ key playerတစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။ ထို့အတူပဲ အသက် ၃၁နှစ် ပြည့်တော့မှာ ဖြစ်တဲ့ ပြင်သစ်သားရဲ့ စာချုပ်သက်တမ်းကလည်း ၁နှစ်ခွဲသာ ကျန်တော့တာဖြစ်ပြီး သူ့ရဲ့စတန်းဖိုဒ့်ဘရစ်ချ် အနာဂတ်ဟာ မသေချာသေးပါဘူး။ ချဲလ်ဆီးအသင်းအနေနဲ့ အသက်အရွယ်ရလာတဲ့ ကန်တေကို ကာလတိုစာချုပ်သာ ချုပ်ဖွယ်ရှိပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း သူ့ကိုခေါ်ယူဖို့ စိတ်၀င်စားနေကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပါတယ်။
ဒါကြောင့် လန်ဒန်အခြေစိုက်ကလပ်ဟာ ကန်တေ အသင်းက ထွက်ခွာသွားခဲ့ရင်၊ဒါမှမဟုတ် အနားယူခဲ့ရင် သူ့ရဲ့နေရာအစားထိုးဖို့ ကွင်းလယ်လူတစ်ယောက်ကို ရှာဖွေနေခဲ့တာ ဖြစ်ပြီး မိုနာကိုလူငယ်ကြယ်ပွင့် အော်လီယန် ချူမန်နီကို မျက်စိကျနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကတည်းက ဒီလူငယ်ကစားသမားလေးကို ချဲလ်ဆီးအသင်းဟာ ချိတ်ဆက်မှုတွေ ရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာတော့ ခေါ်ယူဖိုကြိုးစားသွားဖွယ်ရှိနေပါတယ်။
တူချယ် မျက်စိကျနေတဲ့ အသက်၂၁ နှစ် အရွယ် မိုနာကိုကြယ်ပွင့်ဟာ ဒီရာသီမှာ အသင်းရဲ့ ကွင်းလယ်ခံစစ်မှာ အကောင်းဆုံးခြေစွမ်းပြကစားနေတာဖြစ်ပါတယ်။ကွင်းလယ်မှာ ခံစစ် သက်သက်သာမဟုတ်ပဲ ဘောလုံး ဖြန့်ဝေမှု၊ဖန်တီးမှုတွေပါ အကောင်းဆုံး လုပ်ပြထားနိုင်တာကြောင့် ဒီပြင်သစ်သားဟာ ကန်တေ လိုသာ မဟုတ်ပဲ ပေါ့ဂ်ဘာလိုပါ ကစားနိုင်သူလို မီဒီယာတွေက ဖော်ပြထားခြင်း ခံရသူဖြစ်ပါတယ်။
ဘော်ဒိုးအသင်းနဲ့ စီနီယာကစားသမားဘဝကို စတင်ခဲ့ပြီး မိုနာကိုအသင်းနဲ့အတူနာမည်ကျော်လာခဲ့တဲ့ ချူမန်နီဟာ ကစားသမားဘဝပွဲပေါင်း ၁၀၇ ပွဲရှိပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့လက်ရွေးစင်ကစားသမားဘဝကိုပါ စတင်နိုင်ခဲ့တာပါ။ ၂၀၁၉ မှာ ၄နှစ်ခွဲစာချုပ်နဲ့ မိုနာကိုအသင်းကိုရောက်ရှိလာခဲ့ပြီးနောက် ၆၅ ပွဲကစားပေးပြီး ၅ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။ ပေါ့ဘာကလည်း ချူမန်နီနဲ့တွဲကစားရတာနှစ်သက်ကြောင်း ဖွင့်ဟထားသူပါ။ အရပ် ၆ ပေ ၂ လက်မ အမြင့်ရှိတာကြောင့် ကန်တေနဲ့ကတော့ကွဲပြားနေပါတယ်။ ဒါပေမယ့်အသက်အရွယ်နဲ့ပြသနေတဲ့ခြေစွမ်းတွေအရတော့ မျိုးဆက်တစ်ခုကိုလွှဲယူလိုနေတဲ့ ချဲလ်ဆီးအတွက် သင့်တော်တဲ့ကစားသမားလို့တော့ ယူဆလို့ရနေပါတယ်။
အချို့ပရိတ်သတ်တွေကလဲ ဂေးလ်မားတို့ ဂယ်လက်ဂါတို့ကိုနေရာပေးလိုပေမယ့် ချူမန်နီဟာကွဲပြားတဲ့ကစားသမားတစ်ယောက်မို့ တူချယ်ရဲ့ဆုံးဖြတ်ချက်ကိုပဲစောင့်ကြည့်ရပါလိမ့်မယ်။
Leave a Reply