အသင်းကို ချန်ပီယံလိဂ်၀င်ခွင့် တစ်နေရာအတွက် တိုက်ပွဲ၀င်ဖို့ပြင်ဆင်နေတဲ့ အာတီတာရဲ့ဗျူဟာတွေထဲက တစ်ခုဟာ အသင်းရဲ့ပရိသတ်တွေရဲ့ အင်အားနဲ့ သက်ဆိုင်နေပါတယ်။ အာဆင်နယ်ဟာ နောက်ဆုံးဆယ်ပွဲဆက် ရှုံးပွဲမရှိပဲ ကစားထားပြီး လူငယ်ကစားသမားတွေရဲ့ခြေစွမ်းပြမှုတွေနဲ့အတူ ရလဒ်ကောင်းတွေရယူကာ ချန်ပီယံဆုမျှော်မှန်းထားတဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့အထက်၊အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးအသင်းနဲ့ ၆မှတ်အကွာ အမှတ်ပေးဇယားရဲ့ အဆင့်ငါးနေရာ အထိပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါတယ်။
စက်တင်ဘာလ နိုင်ငံတကာပွဲစဉ်တွေပြီးကတည်းက ရှုံးပွဲမရှိသေးတဲ့ အာဆင်နယ်ဟာ ရာသီအစတုန်းက မဖြစ်နိုင်ဘူးလို့ ထင်ရခဲ့တဲ့ ဥရောပ၀င်ခွင့်တစ်နေရာအတွက် မျှော်လင့်စပြုနိုင်သွားခဲ့ပြီဖြစ်ပါတယ်။
ဒီရာသီ အာဆင်နယ်အသင်းရဲ့ရလဒ်တွေဟာ အိမ်ကွင်း အမ်းမရိတ်မှာ ပိုမိုကောင်းမွန်နေတာတွေ့ရပြီး လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အိမ်ကွင်း ရလဒ်တွေကိုပိုင်ဆိုင်ထားပါတယ်။စက်တင်ဘာလကတည်းက ဗီအဲရာရဲ့ ခရစ္စတယ်ပဲလေ့စ်ကို သရေကျခဲ့တဲ့ပွဲစဉ်တစ်ခုတည်းသာ သရေကျခဲ့ပြီး ကျန်တဲ့ အိမ်ကွင်းပွဲစဉ်တွေအားလုံးကို အနိုင်ရအောင် အာတီတာရဲ့အသင်းဟာ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
ဒါဟာ အာဆင်နယ် မန်နေဂျာ အာတီတာ ကြိုးစားတည်ဆောက်ခဲ့ရတဲ့ အရာတစ်ခုဖြစ်ပြီး သူ့ရဲ့လုပ်ဆောင်ချက်တွေဟာ နောက်ဆုံးတော့ အရာထင်လာခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ အမ်းမရိတ်ကို ခံတပ်တစ်ခုလို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။အိမ်ကွင်းမှာ ပရိသတ်တွေနဲ့ ကစားရတာ နဲ့ ပရိသတ်တွေမပါပဲ ကစားရတာဟာ လုံး၀ကွဲပြားခြားနားပါတယ်” လို့ သူကပြောခဲ့ပါတယ်။
လက်ရှိရာသီ အိမ်ကွင်းပွဲစဉ်တွေကနေ အများဆုံးရနိုင်တဲ့ ရမှတ် ၁၈မှတ်ထဲကနေ ၁၃မှတ်အထိ ရယူထားနိုင်ခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းအကောင်းဆုံး အသင်းဖြစ်နေတဲ့ အာဆင်နယ်အတွက် ခါးသီးတဲ့ လန်ဒန်ပြိုင်ဘက် စပါးကို အမ်းမရိတ်မှာ စမစ်ရိုး၊ဆာကာ တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ယူ နိုင်ခဲ့တာကလည်း ဂုဏ်ယူစရာ ရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ပရိသတ်တွေမပါပဲ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ပွဲစဉ်တွေမှာ အာဆင်နယ် အသင်း အနေနဲ့ ရုန်းကန်ခဲ့ရပြီး ရလဒ်တွေဆိုးရွားခဲ့ရတာဖြစ်ပါတယ်။
ဒီရာသီမှာတော့ ခြားနားတဲ့ပုံစံတစ်ခုနဲ့အတူ အာဆင်နယ်ဟာ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ သူတို့ရဲ့တိုက်ပွဲ၀င်နိုင်စွမ်းကို ပြသခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲမှာဆို အိမ်ရှင် ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ အချိန်ပိုနောက်ဆုံးမိနစ်အထိ ချေပဂိုးရဖို့ကြိုးစားခဲ့ပြီး အရှုံးရလဒ်ကနေ ရှောင်ရှားနိုင်ခဲ့ပါတယ်။အမြှောက်တပ်သားတွေဟာ သူတို့ရဲ့ ပရိသတ်တွေရှေ့မှာဆိုရင် သူတိုရဲ့အမြှောက်တွေကို ပိုပြီးကျယ်ကျယ်လောင်လောင် ပစ်ခတ်နေနိုင်ခဲ့တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။
အာတီတာဟာ အိမ်ကွင်းပွဲစဉ်တွေမှာ ပြိုင်ဘက်တွေဆီကနေ ရမှတ်တွေရနိုင်သမျှရယူနိုင်ဖို့ ကြိုးစားနေတာဟာ ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာ အတွက် ဆယ်စုနှစ်တစ်၀က်လောက် ဝေးကွာနေခဲ့တဲ့အာဆင်နယ်အသင်းကို ဥရောပစင်မြင့်ဆီသို တဖန် ပြန်လည်တက်လှမ်းနိုင်ဖို့ သူရဲ့ နည်းဗျူဟာတစ်ခုပဲ ဖြစ်ပါတယ်။အာဆင်နယ် အသင်းအနေနဲ့ လက်ရှိ အိမ်ကွင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေမှုကို ရာသီအဆုံးအထိ ဆက်လက်ထိန်းသိမ်းနိုင်ပြီး အမှတ်ပေးဇယားရဲ့ထိပ်ဆုံးလေးနေရာမှာ ပါ၀င်နိုင်မလားဆိုတာကတော့ စောင့်မျှော်ရမှာပဲဖြစ်ပါတယ်။
Leave a Reply