များပြားလှတဲ့လူစာရင်းကိုပိုင်ဆိုင်ထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ တဖက်မှာလည်း လူအင်အားလျှော့ချဖို့ရှိနေပါတယ်။ ဂျက်စီလင်ဂတ်လို ကစားခွင့်တောင်းဆိုနေတဲ့ကစားသမားအပါအဝင် အခြေအနေမျိုးစုံနဲ့ ထွက်ခွာဖွယ်ရှိနေတဲ့ကစားသမားတွေကို footballtransfer.com က နာမည်ကြီးသတင်းစာတွေကို ကိုးကားပြီး အခုလိုပဲဖော်ပြထားပါတယ်။
ဒင်းဟန်ဒါဆင်
အသက် ၂၄ နှစ်အရွယ် ဂိုးသမားလေးဟာ ဒီဂီယာကိုကျော်လွန်ပြီးနေရာရဖို့ ခက်ခဲနေတာကြောင့်အသင်းကနေထွက်ခွာရဖို့ရှိနေပါတယ်။ တဖက်မှာလည်း ဒင်း ရဲ့အရည်အသွေးတွေကို အနာဂတ်မှာအသုံးချလိုတာကြောင့် ၁၈ လအငှားနဲ့ ပွဲကစားခွင့်ရမယ့်အသင်းတစ်သင်းသင်းကို အငှားချဖို့ရှိတယ်လို့ The Sun ကဖော်ပြထားပါတယ်။
လင်ဂတ်
မနှစ်က ဝက်စ်ဟမ်းအသင်းနဲ့အစွမ်းပြပြီးတဲ့နောက် နေရာတစ်နေရာအတွက်တိုက်ပွဲဝင်နေတဲ့ လင်ဂတ်ဟာ အခုတော့ ဇန်နဝါရီမှာတင်အသင်းကိုစွန့်ခွာရမယ့်သဘောရှိနေပါတယ်။ ပွဲထွက်ကစားခွင့်ပိုရရေးဟာ လင်ဂတ်အတွက်အရေးကြီးနေပြီး အသင်းကလည်း သူ့ကိုပေါင် ၁၀ သန်းလောက်ရရင်ပဲ ရောင်းချဖို့ရှိနေပါတယ်။ ခြံပေါက်ကစားသမားဖြစ်တဲ့ လင်ဂတ်ဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၁၈ ပွဲကစားပြီး ၃၅ ဂိုးသွင်းပေးထားနိုင်ပါတယ်။
ဒွန်နီဗန်ဒီဘိခ်
ဒီအပြောင်းအရွှေ့ကတော့ ပရိတ်သတ်တွေမကြားချင်တဲ့ အပြောင်းအရွှေ့ပါပဲ။ ဥရောပရဲ့အလားအလာအကောင်းဆုံးကွင်းလယ်ကစားသမားတစ်ယောက်ဟာ အိုးထရက်ဖို့ဒ်မှာတော့ အရံခုံမှာသာထိုင်နေရပါတယ်။ ဗန်ဒီဘိခ်ဟာ သူရဲနီတို့အတွက် ကစားခွင့်ရဖို့မျှော်လင့်နေဆဲဖြစ်ပေမယ့် အခြေအနေတွေတိုးတက်မလာဘူးဆိုရင်တော့ အရှိတရားကိုလက်ခံပြီးအသင်းပြောင်းဖို့ရှိပါတယ်။
အဲရစ်ဘိုင်လီ
၂၀၂၄ ခုနှစ်ထိစာချုပ်ရှိထားပေမယ့် အသင်းရဲ့ စတုတ္တဦးစားပေးဖြစ်နေတဲ့အပြင် နယူးကာဆယ်အသင်းကလဲ စိတ်ဝင်စားနေတာကြောင့် ဘိုင်လီဟာအသင်းပြောင်းသွားဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့နွေတုန်းကမှ စာချူပ်သစ်ချုပ်ဆိုထားတဲ့ အိုင်ဗရီကို့စ် ကစားသမားဟာ အခုဆောင်းမှာပဲအသင်းပြောင်းနိုင်တယ်လို့ သတင်းတွေကဖော်ပြနေတာပါ။
ဖီးလ်ဂျုံး
ဒဏ်ရာတွေကြောင့်ပွဲတွေနဲ့ဝေးနေပေမယ့် The Sun ရဲ့ဖော်ပြချက်အရ အသင်းပေါင်း ၁၃ သင်းလောက်က သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။ အဲဒီအသင်းတွေထဲမှာ နယူးကာဆယ်နဲ့ ဝက်ဖို့ဒ်တို့လဲပါဝင်နေပြီး အမှန်တကယ်ကမ်းလှမ်းလာပါက ရောင်းချသွားဖွယ်ရှိနေပါတယ်။
Leave a Reply