Ballon d’Or ဆု အတွက် ဆန်ကာတင်စာရင်း ထဲမပါ၀င်ခဲ့ရတဲ့ အကြောင်းအရင်းကို ပြောပြခဲ့တဲ့မန်ဒီ ရဲ့စကားက ဒီလိုပါ။
“ဆန်ခါတင် စာရင်းထဲ မပါ၀င်ရတာကတော့ ကျွန်တော်က ပြင်သစ်အစား ဆီနီဂေါအသင်းကို ကိုယ်စားပြုကစားဖို ရွေးချယ်ခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်” လို့ မန်ဒီက အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ မန်ဒီရဲ့ချဲလ်ဆီးအသင်းဖော်အများအပြားဟာ ဆန်ကာတင်စာရင်းမှာ ပါ၀င်ခဲ့ပေမယ့် ဥရောပချန်ပီယံလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားဖြစ်ခဲ့တဲ့ သူ့ကိုတော့ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။
သူရဲ့ Player Profile က မမြင့်ပါဘူး။ အသင်းကိုရောက်လာတယ်။ ချဲလ်ဆီးအသင်းမှာ ဂိုးသမားပြသနာတက်တော့ သူဝင်ဖမ်းတယ်။ အံ့သြစရာလက်စွမ်းတွေပြတယ်။နောက်တော့ ပရိတ်သတ်အသဲကျော်ဖြစ်လာတယ်။ ဒါက လန်ဒန်က သူ့ဇာတ်လမ်း။
“ဒီလိုမျိုး ဆန်ကာတင်စာရင်းထဲ ရွေးချယ်မခံရတာဟာ ကျွန်တော့်အတွက် ပိုပြီးကောင်းလာအောင် ကြိုးစားဖို့ စိတ်ခွန်အားတစ်ခုဖြစ်စေပါတယ်။ အမှန်အတိုင်းပြောရရင် အံ့တော့အံ့ဩမိတယ်” လို့ ရေဘဝဲကြီးဆို တဲ့ နာမည်ပြောင်ပိုင်ရှင် မန်ဒီက ပြောခဲ့ပါတယ်။ မှန်ပါတယ်။ ဒါပေမယ့်လည်း မန်ဒီရဲ့ဘဝမှာ အကြိမ်ကြိမ်ရှုံးနိမ့်ရာကနေပြန်ကြိုးစားခဲ့ရတာ ဘယ်နှကြိမ်မှန်းတောင်မသိတော့ဘူး။
အသက် ၂၂ နှစ်မှာ အလုပ်လက်မဲ့ဖြစ်လို့ ဘောလုံးသမားဘဝကိုစွန့်ဖို့ထိဖြစ်လာခဲ့တယ်။ တက်ဒ်လာဗီး လို့ခေါ်တဲ့ ကစားဖော်ဟောင်းက မာဆေးအသင်းမှာ ဂိုးသမားခေါ်နေတယ်ဆိုတဲ့သတင်းပေးတာကြောင့် သွားအစမ်းသပ်ခံရင်း လေးယောက်မြောက်ကစားသမားအဖြစ်ရွေးခံရတယ်။ နောက်တော့ မာဆေးအရံအသင်းရဲ့ အရံဂိုးသမားဖြစ်လာခဲ့တယ်။ ဒါပေမယ့် ကစားချိန်ပိုရဖို့ အတွက်အသင်းတွေထပ်ပြောင်းရပြန်တယ်။
ဆိုတော့လည်း မန်ဒီဟာ ဒီလောကဓံကိုကျော်ဖြတ်ပြီး ပြန်လည်လင်းလက်လာဦးမှာအသေအချာပါ။
“တကယ်လို ကျွန်တော်သာ ပြင်သစ်အသင်းအတွက်ကစားခဲ့ပြီး ဥရောပချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ဒီလိုမျိုး ဆန်ကာတင်စာရင်းမှာ မပါရတာနဲ့ပတ်သက်ပြီး ပြောနေရမယ်လို့ မထင်ဘူး။ ဒါပေမယ့်လည်း ဒါကို မမျှတဘူးဆိုတဲ့စကားလုံးတော့ ကျွန်တော်မသုံးချင်ပါဘူး။”
ဆီနီဂေါလူမျိုးမိခင်နဲ့ အနောက်အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂီနီဘစ်ဆော နိုင်ငံသားဖခင်တို့ကမွေးဖွားတဲ့ မန်ဒီဟာ ဖခင်ရဲ့နိုင်ငံအတွက်ကစားပေးခဲ့ပါတယ်။ ထိုအချိန်မှာ အလွန်နာမကျန်းဖြစ်ပြီး ကွယ်လွန်လု ဖခင်ရဲ့ဆန္ဒအရ ကစားပေးခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာတော့ ဆီနီဂေါအတွက်ကစားဖြစ်ခဲ့ပါတယ်။
မန်ဒီရဲ့ ဆီနီဂေါ လက်ရွေးစင် အသင်းဖော်၊ လီဗာပူးလ် ကစားသမား မာနေးကလည်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုအတွက် ဆန်ကာတင်စာရင်းထဲမှာ မန်ဒီမပါ၀င်ခဲ့တဲ့အပေါ် အကြီးအကျယ်အံ့အားသင့်ခဲ့ရတယ်လို ဆိုပါတယ်။
“မန်ဒီက သိပ်အကောင်းမြင်စိတ် ရှိတဲ့သူဗျ။သူ့အနေနဲ့ ဒီလို ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲပါ၀င်နိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမယ်လို ကျွန်တော်တို့ဆုံတော့ သူပြောခဲ့တယ်။ ကျွန်တော့်အတွက်တော့ ဒီဆန်ကာတင်ကစားသမား သုံးဆယ်ထဲမှာ သူ့အတွက်တစ်နေရာစာရှိပါတယ်” လို့ပြောခဲ့ပါတယ်။
အကောင်းဆုံးကစားသမားတွေထဲ မန်ဒီစာရင်းမဝင်တဲ့အတွက် ဝမ်းနည်းစရာပါ။ ဒါပေမယ့်ဖြေစရာအနေနဲ့ပြောရရင်တော့ ဆုရပြီးကွယ်ပျောက်သွားတဲ့ကစားသမားတွေလည်းမနဲပါဘူး။ ဒီတော့ရင်ထဲကပေးတဲ့ဆုကိုရထားပြီးသားမန်ဒီအတွက်ဖြေသိမ့်နိုင်ကောင်းပါရဲ့။
အငှားကစားသမားဘဝ ၊ အရံအသင်းကစားသမားဘဝတွေနဲ့ ဖြတ်သန်းရင်း စုစုပေါင်းကစားသမားဘဝပွဲပေါင်း ၂၀၀ ကျော်မှာ ၆၀ နီးပါးကချဲလ်ဆီးအတွက်ဖြစ်ခဲ့ပါပြီ။ သူကယ်လို့ ချဲလ်ဆီးအသက်ရှုချောင်ရပေါင်းလဲများခဲ့ပါပြီ။ ကစားသမားဘဝအစောပိုင်းမှာ အဆင်မပြေခဲ့တဲ့မန်ဒီဟာ အဆုံးသတ်ကိုတော့ ထိပ်တန်းကစားသမားအဖြစ်လှပစွာအဆုံးသတ်မှာကတော့ အသေအချာပါပဲလို့ သုံးသပ်လိုက်ပါတယ်။
Leave a Reply