အွန်နရီ ပြောခဲ့ဖူးတဲ့ Four-Point Plan နဲ့  မီခေးလ် အာတီတာရဲ့ လုပ်ဆောင်ချက်များ

၂၀၁၅ ခုနစ်တုန်းက အမြှောက်တပ်သားတွေရဲ့ ဂန္တ၀င်ကြီး အွန်နရီဟာ အာဆင်၀င်းဂါးရဲ့ ပွဲထွက်လူစာရင်း လိုအပ်ချက်တွေနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးအာဆင်နယ်အသင်း လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ သူ့အမြင်တွေကိုပြောခဲ့ပါတယ်။ ဒါပေမယ့် ခြောက်နှစ်ကြာပြီးနောက်မှာသာ အွန်နရီရဲ့ စိတ်ကူးတွေဟာ လက်ရှိနည်းပြ အာတီတာ လက်အောက်မှာ တဖြည်းဖြည်း ပုံပေါ်လာခဲ့ပါတယ်။

ဘောလုံးနဲ့ပတ်သက်တဲ့ သဘောထား ၊အသိအမြင်‌တွေဟာ ဘယ်လောက်မြန်မြန် ပြောင်းလဲတတ်တယ်ဆို တာကို မီခေးလ်အာတီတာ လိုမျိုး သတိထားမိမယ့်သူ ပရီးမီးယားလိဂ် မန်နေဂျာတွေထဲမှာ များများစားစား မရှိပါဘူး။ ဒီစပိန်သားဟာ လွန်ခဲ့တဲ့ ၁၂လလောက်တုန်းက ဘန်လေ၊ဝူဗာဟန်တန်တို့ကို အိမ်ကွင်းမှာ ရှုံနိမ့်ခဲ့ပြီး မလိုချင်တဲ့ စံချိန်ဆိုးတွေတောက်လျှောက်တင်ကာ  အလုပ်ပြုတ်လုနီးပါးဖြစ်ခဲ့ပါတယ်။

နွေဟာ အပြောင်းအလဲတွေကို ‌ဖြစ်ပေါ်စေတတ်ပါတယ်။

ပျော်ရွှင်မှုကို ငွေကြေးနဲ့ ၀ယ်ယူလိုမရဘူးဆိုပေမယ့် ပေါင်သန်း ၁၄၀ ဆိုတာက အသစ်အဆန်းတစ်ခုခု၊ အမြင်သစ် တစ်ခုခုကို ဖြစ်စေတတ်တာအမှန်ပါပဲ။ ငွေကြေးဟာ မမျှော်လင့်ထားတဲ့ ကောင်းမွန်တဲ့ အရာတွေကို သယ်ဆောင်လာတတ်ပါတယ်။ အာတီတာဟာ အာဆင်နယ်ရဲ့ အကြီးမားဆုံး နွေရာသီ အပြောင်းအရွှေ့အသုံးစရိတ်တွေနဲ့ အတူ ဘန်ဝှိုက် (ပေါင်သန်း၅၀) ၊အိုဒီဂတ် (ပေါင်သန်း၃၀) ၊ ရမ်ဒေးလ် (ပေါင်၂၄သန်း)တို့ အပါအ၀င် ကစားသမား ခြောက်ယောက်ကိုခေါ်ယူခဲ့ပါတယ်။

ရာသီအစ သုံးပွဲဆက်တိုက် တစ်ဂိုးတောင်မသွင်းနိုင်ခဲ့ပဲ ရှုံးနိမ့်ခဲ့ရတဲ့ ဆိုးဝါးတဲ့ ရာသီအဖွင့်ပွဲစဉ်တွေ အပြီးမှတော့ အာဆင်နယ်ရဲ့ အရှုံးကံကြမ္မာတွေရပ်တန့်ပြီး အချိုးအကွေ့ဖြစ်မယ့်ကာလတွေကို ရောက်ရှိလာ ခဲ့ပါတယ်။

အာတီတာရဲ့အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံနောက်ဆုံး ၁၀ပွဲဆက် ရှုံးပွဲမရှိသေးပဲ ခုနစ်ပွဲအထိ အနိုင်ရကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်ငါးနေရာထိ ပြန်လည်တက်လှမ်းလာ နိုင်ခဲ့ပြီး ချန်ပီယံဆုကိုပစ်မှတ်ထားနေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့အပေါ်မှာ ရပ်တည်နေပါတယ်။

ရာသီအစက  ဘန်ဝှိုက်၊ရမ်းစ်ဒေးလ်တို့လို ကစားတွေကို ပိုက်ဆံ‌တွေအမြောက်အမြား အကုန်အကျခံ ခေါ်ယူခဲ့တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ဝေဖန်သံတွေ မြင့်တက်ခဲ့ပါသေးတယ်။ဒီလို ငွေကြေး သုံးစွဲမှုတွေနဲ့ အာတီတာဟာ ယုံကြည်သင့်တဲ့သူဖြစ်ရဲ့လားဆိုတာ မေးခွန်းတွေထွက်လာခဲ့ပါတယ်။ ဘရိုက်တန်၊ ရှက်ဖီးတို့လို အသင်းငယ်တွေဆီက ခေါ်ယူထားတဲ့ ကစားသမားတွေဟာ အမ်းမရိတ်မှာ အလားအလာကောင်းတစ်ခုရှိလာပါ့မလားဆိုပြီး သံသယတွေနဲ့ စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကစားသမားအသစ်တွေဟာ လက်ရှိအချိန်မှာ ခြေစွမ်းပြကစားနေကြပြီး သူတိုရဲ့ အသင်းနဲ့ထိုက်တန်တဲ့ကစားသမားတွေဆိုတာ ပြသလျက်ရှိပါတယ်။ အထူးသဖြင့် ရာသီအစက အာဆင်နယ် ပရိသတ်တွေ အပြင်းအထန်ဝေဖန်တိုက်ခိုက်ခဲ့တဲ့ ရမ်စ်းဒေးလ်ဟာ အခုဆို ပရိသတ်တွေရဲ့အချစ်တော် ကစားသမားဖြစ်နေပါပြီ။

လွန်ခဲ့တဲ့ခြောက်နှစ်လောက်က အာဆင်နယ်ဟာ ချဲလ်ဆီးကို သရေကျပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု ပြေးလမ်းမှာ နောက်ကောက်ကျသွားတဲ့နောက် သီယာရီအွန်နရီရဲ့ သူရဲ့အသင်းဟောင်းအပေါ် ဝေဖန်ထောက် ပြမှုတွေက အတော်လေး ဂယက်ထခဲ့ပါတယ်။

သူက ”ပရီးမီးယားလိဂ် ချန်ပီယံ ပြန်ဖြစ်ချင်တယ်ဆိုရင် အသင်းအတွက် ကျောရိုးလိုဖြစ်နေမယ့် ကစားသမား လေးယောက်၀ယ်ဖို့ လိုပါမယ်။ဂိုးသမား၊ဗဟိုခံစစ်ကစားသမား၊ ကွင်းလယ်အထိုင် ကစားသမားနဲ့  ..   အင်း ပြောရမှာ အားနာပေမယ့် ထိပ်တန်း တိုက်စစ်မှူးတစ်ယောက် လုံး၀ လိုတယ် “လို့ ပြောခဲ့ပါတယ်။ အာတီတာဟာ အာဆင်နယ်အသင်းအတွက် မကြာခင်မှာ ပရီးမီးယားလိဂ်ဖလား ပြန်လည် ရယူပေးနိုင်တယ်လို့ ဆိုရင်တော့ နည်းနည်းစောရာ ကျနေပါလိမ့်မယ်။ဒါပေမယ့် အာတီတာဟာ အွန်နရီရဲ့ အကြံပေးချက်အတိုင်း လိုက်ပါဆောင်ရွက်နေပုံတော့ ပေါ်ပါတယ်။

အွန်နရီက ဝေဖန်ထောက်ပြမှုတွေကို  ပြုလုပ်နေခဲ့ချိန်မှာ အာဆင်နယ်ရဲ့မန်နေဂျာက သက်တော်ရှည်ကြီး အာဆင်၀င်းဂါးဖြစ်ပြီး အွန်နရီရဲ့ပြောဆိုမှုတွေကို အာဆင်းဟာ သ‌ဘော‌ကျနှစ်သက်ခဲ့ပုံမပေါ်ပါဘူး။ အွန်နရီကို “သူက အဝေးကြီးကို လျှောက်တွေးနေတာပဲ” လို့ ပြန်လည်ဝေဖန်ခဲ့ပါတယ်။ အာဆင်၀င်းဂါးနေရာ ကို ဆက်ဆံခဲ့သူ အူနိုင်းအမ်မရီမှာလည်း အာဆင်နယ်အတွက် တိကျသေချာတဲ့ အစီအစဉ်တစ်ခု ရှိမနေ ခဲ့ပြန်ပါဘူး။ ဒီလိုနဲ့ အူနိုင်းလည်း အမ်းမရိတ်ကိုစွန့်ခွာရပြီး ဂွာဒီယိုလာဆီမှာ ပညာသင်နေတဲ့ ဂန်းနားကပ္ပတိန် ဟောင်းဟာ အာဆင်နယ်ကို နည်းပြဘ၀နဲ့ တဖန်ရောက်လာရခဲ့ပါတယ်။

ဒီလို အွန်နရီရဲ့ဝေဖန်ထောက်ပြမှုတွေကို စိတ်ဆိုးမာန်ဆိုးတွေ တုံပြန်ခဲ့တာတွေကို ခြောက်နှစ်တာကာလ ကြာပြီးတဲ့ နောက်မှာတော့ ပြန်လည်ပြင်ဆင်ဖို့ အချိန်ကိုရောက်လာပါပြီ။အွန်နရီ မမှားခဲ့ဘူးလိုဆိုလိုရပါပြီ။

အာဆင်နယ်ဟာ တောင့်တင့်ခိုင်မာတဲ့ ခံစစ်နဲ့ အောင်မြင်မှု၊သမိုင်းတွေ ရှိတဲ့ ကလပ်အသင်းဖြစ်ပါတယ်။ ရွှေထီးဆောင်းခဲ့စဉ်က အသင်းရဲ့ ခံစစ်တာ၀န်တွေကိုထမ်းဆောင်ခဲ့တဲ့ဒေးဗစ်ဆီးမင်း၊ ဆိုးကမ်းဘဲလ် ၊ တိုနီအဒမ် ၊ဗီအဲရာ စတဲ့ ကစားသမားတွေရဲ့ အရည်အသွေးမျိုးရှိတဲ့ ကစားသမားတွေဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း အာဆင်နယ်မှာ မရှိခဲ့ပါဘူး။ ဒီဖက်နှစ်တွေမှာ  ခံစစ်ဟာ အာဆင်နယ်အသင်းရဲ့ အားအနည်း ဆုံးနေရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ ဂိုးသမား ရမ်စ်းဒေးလ်ပြသထားတဲ့ လက်စွမ်းတွေက အာဆင်နယ်မှာ ကာလရှည် ထိပ်တန်း ဂိုးသမားလိုအပ်နေတဲ့ ပြဿနာအတွက်အဖြေတစ်ခုဆိုတာကို သက်သေပြလျက်ရှိပါတယ်။

ဗဟိုခံစစ်ကစားသမား ဘန်ဝှိုက်ကလည်း နောက်တန်းမှာ ဂါဘရီယယ်နဲ့ တွဲဖက်ပြီး အကောင်းဆုံး ခြေစွမ်းပြနေသလို ကွင်းလယ်ခံစစ်မှာလည်း အက်သလက်တီကို နည်းပြ ဆင်မြူနီရဲ့ လက်အောက်မှာ ငါးနှစ်ကြာ ပညာသင်ယူခဲ့သူ သောမတ်စ်ပါတေးက  အာဆင်နယ်ကိုရောက်ခါစ ကာလတွေမှာ  ဒဏ်ရာ ပြဿနာတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကွင်းလယ်မှာ သူ့ရဲ့ပုံစံပေါင်းကို ပြသထားနိုင်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာတော့ ပါတေးဟာ အကောင်းဆုံးကြံ့ခိုင်မှုရရှိပြီး အာဆင်နယ်ဟာ သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင်၄၅သန်းပေးခဲ့ရတာလဲဆိုတာကို မေးခွန်းထုတ်စရာမလို‌အောင် ‌ခြေစွမ်း ပြသလျက် ရှိပါတယ်။ဒီဂါနာ ကွင်းလယ်ကစားသမားဟာ အာတီတာရဲ့ ကစားကွက်မှာ မရှိမဖြစ်အရေးကြီးတဲ့ သူဆို လည်းမမှားပါဘူး။

အခြားသော နည်းပြအများစုက “အခု နိုင်ဖို့ အဓိက ၊  ဗျူဟာက နောက်မှ” ဆိုပြီး အသင်းအတွက် ပြင်ဆင်တတ်ကြပေမယ့် အာတီတာကတော့ သူ့ရဲ့ကစားကွက်မှာ အံ၀င်လာမယ့်၊ အမ်းမရိတ်မြေမှာ ရေရှည်အောင်မြင်လာမယ့် ကစားသမားတွေကိုခေါ်ယူပြီး ရေရှည်စီမံကိန်းတစ်ခုကို ဆွဲနေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်၀င်းဂါးနောက်ဆုံး ချုပ်ဆိုခဲ့တဲ့ ကျောနံပါတ် ၁၄ တိုက်စစ်မှူး အော်ဘာမီရန်းက‌တော့ လက်ရှိအချိန်ထိအာဆင်နယ်မှာ ပုံစံအမျိုးမျိုးနဲ့ အသင်းမှာ အသုံး၀င်နေပြန်ပါတယ်။ဒါကြောင့်ပဲ အာတီတာ အနေနဲ့ အသင်းရဲ့နေရာစုံကို အင်အားဖြည့်တင်းခဲ့ပေမယ့် တိုက်စစ်မှာတော့ အော်ဘာမီရန်းကိုပဲ ယုံကြည်စွာ နေရာပေးခဲ့တာဖြစ်ပါတယ်။

အွန်နရီရဲ့ ဝေဖန်ထောက်ပြမှုတွေပြီးတဲ့နောက် သုံးနှစ်အကြာမှာ ထိပ်တန်းတိုက်စစ်မှုးတစ်ယောက်လိုချင်ခဲ့တဲ့ သူ့ရဲ့ဆန္ဒပြည့်၀ခဲ့တာဖြစ်ပြီး (၀င်းဂါးက အော်ဘာမီရန်းကိုခေါ်ခဲ့ယူတာဖြစ်ပြီး) ခုဆို ဂါဘွန်တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းအတွက် သွင်းဂိုး တစ်ရာ ပြည့်ဖို့ ရှစ်ဂိုးသာလိုတော့တာ ဖြစ်ပါတယ်။

ရမ်စ်းဒေးလ်၊ ဘန်ဝှိုက် ၊ ပါတေး စတဲ့ကစားသမား‌များဟာ အာဆင်နယ်အတွက် အွန်နရီ အားဖြည့်လိုခဲ့တဲ့ နေရာတွေမှာ ‌အကောင်းဆုံးခြေစွမ်းပြ ကစားနေသူတွေဖြစ်တာကြောင့် နောက်ထပ်သုံးနှစ်အကြာမှာ အွန်နရီရဲ့ စကားတွေဟာ ဘယ်လောက်ထိထပ်ပြီး မှန်ကန်လာမလဲဆိုတာ  ကြည့်ရပါဦးမယ်။

များမကြာမီမှာ အာဆင်နယ်ဟာ အရင်ကလို ကမ္ဘာထိပ်တန်းကလပ်တွေထဲက တစ်သင်းအဖြစ် စင်မြင့်ကို ပြန်လည် တက်လှမ်းလာတော့မလားဆိုတာကို စိတ်၀င်စားစရာပါပဲ။အာတီတာက အသင်းကို ဘယ်အမြင့်ထိ ပြန်ခေါ်ဆောင်သွားနိုင်မလဲ။ အွန်နရီရဲ့အထင်တွေကကော မှန်ကန်ရဲ့လား။ အားလုံး စောင့်ကြည့်ရပါမယ်။

Mirror မှ ဆောင်းပါးရှင် ‌ဂျော့ရှ်အိုဘရီယန်  ရဲ့  Thierry Henry’s four-point plan to improve Arsenal – and Mikel Arteta’s response ကိုဆီလျှော်အောင်ပြန်ဆိုပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: