ချဲလ်ဆီးအသင်းကို ဘယ်သူနဲ့စငြိသလဲလို့မေးရင် နာမည်တွေကွဲပြားပါလိမ့်မယ်။ စီနီယာကြီးတွေက ဇိုလာတို့ခေတ်ကိုပြောမယ် ၊ သူတို့ထက် နဲနဲနုသူတွေက တယ်ရီ ၊ လမ်းပတ်ခေတ်ကိုပြောမယ် ၊ နောက်ပိုင်း ပရိတ်သတ်များကတော့ ဟာဇက်ပေါ့။ ဘယ်သူတွေကို ဘယ်လိုပဲအကြိုက်တွေ့တွေ့ အားလုံးမှတ်မိနေမယ့်တိုက်စစ်မှုးတစ်ယောက်ကတော့ ဟက်ဆယ်ဘိန့်ပါပဲ။ ချဲလ်ဆီးမှာ ၄ နှစ်တာကစားခဲ့ပြီး ဂိုးပေါင်းများစွာသွင်းယူခဲ့သူတိုက်စစ်မှုး ဂျင်မီဖလွိုက် ဟက်ဆယ်ဘိန့်အကြောင်းကို ပြန်ပြီးသတိရကြရအောင်။
နယ်သာလန်နိုင်ငံသား ဟက်ဆယ်ဘိန့်ဟာ ၂၀၀၀ ခုနှစ်မှာနည်းပြ ဗီယာလီရဲ့ ခေါ်ယူမှုကြောင့်ရောက်ရှိလာသူဖြစ်ပြီး ထိုစဥ်က ကလပ်ရဲ့စံချိန်တင်ကြေး ပေါင် ၁၅ သန်းထိ ပေးချေပြီးခေါ်ယူခဲ့တာပါ။ သူက ပွဲဦးထွက်မှာတင် ဂိုးသွင်းပေးပြီး အသင်းကို 2000 FA Charity Shield ရအောင်ကူညီနိုင်ခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို ၂-၀ နဲ့အနိုင်ရတဲ့ပွဲမှာ ဝင်ဘလေကွင်းကြီးထဲ ဂိုးသွင်းရင်း ချဲလ်ဆီးပရိတ်သတ်တွေရင်ထဲကိုစတင်ဝင်ရောက်ခဲ့ပါတယ်။ ပထမဆုံးရာသီမှာတင် ၂၃ ဂိုးသွင်းယူပြီး ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ကိုရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ချဲလ်ဆီးပရိတ်သတ်လည်းဖြစ် ၊ သတင်းဌာနရဲ့ သတင်းထောက်လည်းဖြစ်တဲ့ တွမ်ရှင်း က ဟက်ဆယ်ဘိန့်ကို ဖရီးကစ်လဲကန်နိုင် ၊ ဘယ်ခြေညာခြေလဲမရွေးပဲ ဂိုးသွင်းကောင်းသူအဖြစ်ရည်ညွန်းပြီး စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ အကောင်းဆုံးတိုက်စစ်မှုးတွေထဲကတစ်ယောက်အဖြစ် ရည်ညွန်းပြောဆိုခဲ့ပါတယ်။
၁၉၉၀ ခုနှစ်ထဲက ပရိုဖက်ရှင်နယ်ဘဝကို စတင်ခဲ့တဲ့ ဘိန့်ခ် ဟာ ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း ၆၁၄ ပွဲကစားပြီး ၂၅၈ ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်တာကြောင့် ဂိုးသွင်းကောင်းသူတိုက်စစ်မှုးဆိုတာငြင်းစရာမရှိပါဘူး။ ချဲလ်ဆီးအသင်းအတွက်တော့ ၁၇၇ ပွဲကစား ၈၇ ဂိုးသွင်းယူပေးခဲ့ပြီး ၊ ကစားခဲ့သမျှအသင်းတွေထဲမှာ ချဲလ်ဆီးနဲ့က အအောင်မြင်ဆုံးလို့ပြောနိုင်ပါတယ်။ အဲ့ဒီနောက်ပိုင်း မစ်ဒယ်ဘရော့ကိုပြောင်းသွားတော့လဲ နှစ်ရာသီမှာ ၃၃ ဂိုးသွင်းပေးနိုင်သူဖြစ်တာကြောင့် ပရီးမီးယားလိဂ်မှာ ဂိုးနဲ့မစိမ်းသူပြောလို့ရပါတယ်။ တကယ်တော့ သူစတင်ကျော်ကြားလာတာကလည်း လိဒ်အသင်းနဲ့ဖြစ်ပြီး နှစ်ရာသီမှာ ၄၂ ဂိုးသွင်းနိုင်ခဲ့သူဖြစ်ပါတယ်။ လိဒ်ကနေမှတဆင့် စပိန်မှာ တစ်နှစ်သွားကစားပြီး လန်ဒန်သားဖြစ်လာခဲ့သူပါ။
အခုအချိန်မှာ ၄၉ နှစ်ရှိပြီဖြစ်တဲ့တိုက်စစ်မှုးဟောင်းကြီးဟာ ချဲလ်ဆီးရဲ့စာမျက်နှာထဲမှာ လုံးဝ မှေးမှိန်မသွားတဲ့သူဖြစ်ပါတယ်။ ရွှေခေတ်ရဲ့ ပထမဆုံးနှစ်တွေထဲမှာ မူတူး ၊ ခရက်စပိုတို့ကိုမျှော်လင့်ခဲ့ပေမယ့် သူ့ရဲ့နောက်ဆုံးရာသီအဖြစ်ကစားတဲ့ ၂၀၀၃-၀၄ ခုနှစ်မှာ သူကအသင်းအတွက် ဂိုးသွင်းအများဆုံးသူဖြစ်ခဲ့ပါသေးတယ်။ ရာသီကုန်မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မစ်ဒယ်ဘရော့ ကို ပြောင်းသွားခဲ့ပါတယ်။
သူကအမှတ်တရအဖြစ် အခုလိုဆိုဖူးပါတယ်။
ကျွန်တော်က ဗီယာလီရဲ့ခေါ်ယူမှုနဲ့ ချဲလ်ဆီးရောက်လာခဲ့တာပါ။ ကျွန်တော်ရောက်ပြီးလပိုင်းလဲကြာရော သူကအသင်းကနေထွက်ရတော့တာပါပဲ။ ရာနီရေးနီ အသင်းကို နည်းပြအဖြစ်ရောက်လာတော့ ကျွန်တော်လဲ သိပ်မကြာခင်ထွက်ရတော့မယ်လို့ ထင်ခဲ့တာပါ
ဒါပေမယ့် သူက ရာနီရေးနီရဲ့ အဓိကလက်နက်ဖြစ်လာခဲ့ပြီး အသင်းအတွက်လည်းများစွာအကျိုးပြုနိုင်ခဲ့ပါတယ်။
Leave a Reply