အသင်းကိုအားဖြည့်ဖို့ ကစားသမားဟောင်းကိုလိုအပ်နေဆဲလား
စပိန်သတင်းစာ Fichajes ရဲ့ဖော်ပြချက်အရ အာတီတာ ဟာ ချိန်ဘာလိန်ကို လိုချင်နေဆဲဖြစ်ပြီး ခေါ်ယူဖို့အသင်းဖက်ကိုလည်းတိုက်တွန်းထားတယ်လို့ သိရပါတယ်။ လက်ရှိအသင်းမှာ လူငယ်တွေများနေတာကြောင့် အတွေ့အကြုံရင့်ကစားသမားလိုအပ်နေတာကတစ်ကြောင်း ၊ လူအင်အားထပ်ဖြည့်ဖို့လိုနေတာကတစ်ကြောင်းမို့ တချိန်က ဂန်းနားဟောင်းကို လိုအပ်နေတာလို့ ဆိုပါတယ်။
ဆောရီးပါဗျာ
ဂိုးသွင်းယူလိုက်ချိန်မှာ ပြစ်ဒဏ်ကျူးလွန်ထားလို့ အရဘောလုံးပေးရမယ်ဆိုတဲ့ အငြင်းပွားမှုတွေရှိနေပေမယ့် ဂန္တဝင်ကြီး အီယန်ရိုက်ကတော့ “ ဝမ်းနည်းပါတယ်ဗျာ .. လူတွေက ကျွန်တော့်ကို ဘက်လိုက်တယ်လို့ ပြောရင်လဲပြောမှာပေါ့ .. ထားလိုက်ပါ။ ကျွန်တော်ကတော့ အာဆင်နယ်အသင်း ဘောလုံးပြန်ပေးစရာမလိုဘူးလို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ကစားသမားတွေက ဘာမှဖြစ်မနေကြဘူးလေ “ လို့ ချဲလ်ဆီးကစားသမား ခရစ်ဆပ်တန်အပါအဝင် ဝေဖန်နေသူတွေကို တုန့်ပြန်ခဲ့ပါတယ်။
သန်း ၅၀ တန်ကစားဖော်အတွက် ကျေနပ်နေတဲ့ ဂါဘရီယယ်
ကစားဖော် ဘန်ဝှိုက်ကို ဂါဘရီယယ်က ဆိုရှယ်မီဒီယာမှာ ဒါမှ ငါ့ Centre Back ကွ ဆိုပြီး ပေါ်ပေါ်တင်တင်ချီးကျူးလိုက်ပါတယ်။ မနေ့ကပွဲမှာ ဘင်ဝှိုက်ဟာ ခံစစ်မှာကောင်းခဲ့သလို စမစ်ရိုရဲ့ ဂိုးဖြစ်ပေါ်စေဖို့လည်း အထောက်အကူပေးနိုင်ခဲ့ပါတယ်။ လူစုံလာပြီးနောက် အာဆင်နယ်အသင်းဟာ နောက်ဆုံး ၁၀ ပွဲမှာ ၇ပွဲ အထိ Clean Sheet ကိုလည်းရရှိထားပါတယ်။ ရာသီအစတုန်းကတော့ ပေါင်သန်း ၅၀ မတန်ဘူးဆိုတဲ့ဝေဖန်သံတွေနဲ့အတူ ရုန်းကန်ခဲ့ရပါသေးတယ်။
အန်ကတ်တီယာကိုစိတ်ဝင်စားနေတဲ့ ဂျာမန်ကလပ်
တိုက်စစ်အားကျဆင်းနေတဲ့ ဘွန်ဒစ်လီဂါကလပ် မိုချန်ဂလာဘတ်ဟာ အာဆင်နယ်တိုက်စစ်မှုး အန်ကတ်တီယာကို စိတ်ဝင်စားနေတယ်လို့ Football London မှာဖော်ပြလာပါတယ်။ အဆိုပါ အချက်ဟာ ဇာကာရီယာကိုခေါ်ယူလိုနေတဲ့အာဆင်နယ်အတွက် အသင်းအချင်းချင်းကြားသဘောတူညီမှုရလာဖို့အတွက် အထောက်အကူဖြစ်နိုင်တယ်လို့လဲဆိုပါတယ်။ အန်ကတ်တီယာဟာ နည်းပြဖက်က ကြိုဆိုကြောင်းပြောဆိုထားပေမယ့် စာချုပ်နဲ့ပတ်သတ်လို့ကတော့ တိုးတက်မှုနှေးကွေးနေပါသေးတယ်။
လူကြီးလူကောင်းဆန်တဲ့အာတီတာ
Fair Play သဘောတရားကို မျက်ကွယ်ပြုခဲ့တယ်ဆိုတဲ့ ရာနီရေးနီရဲ့ စွပ်စွဲချက်အပေါ်အာတီတာက
“ ကျွန်တော့်ကစားသမားတွေဟာ တကယ့်ကိုရိုးရိုးသားသားတွေပါ .. တစ်ခုတစ်လေမှာ မပါးနပ်လို့တောင် ရသင့်တဲ့အခွင့်အရေးတွေမရခဲ့တာမျိုးရှိပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ စိတ်ထဲမှာ မကျေနပ်တာရှိရင် ကျွန်တော်တောင်းပန်မှာပါ။ ဒါပေမယ့် ဒီအဖြစ်အပျက်နဲ့တော့ ဘာမှမဆိုင်ပါဘူး။ ကစားသမားတွေဖက်ကို ယုံကြည်ပါတယ် “ လို့ ပြန်ဖြေသွားခဲ့ပါတယ်။
Leave a Reply