မာရီယာရဲ့ အချိန်တွေရောက်လာပြန်ပြီပေါ့။ သူကအသင်းကို အလေအလွင့်မရှိအောင်စီမံတတ်သလို ၊ ကောင်းမွန်တဲ့ခေါ်ယူမှုတွေလဲပြုလုပ်ထားနိုင်ခဲ့သူအပါ။ အခု ဇန်နဝါရီကာလမှာ သူ့အတွက် ဦးစားပေးရမယ့် ကိစ္စတွေရှိနေပါတယ်။ လက်ရှိခြေစွမ်းရော ရလဒ်ပါ တည်ငြိမ်နေတဲ့အချိန်မှာ အသင်းဖက်ကလည်းတည်ဆောက်စရာရှိတာဆက်လက်တည်ဆောက်ရင်း ပရိတ်သတ်တွေကလည်းအခြေပျက်မှာစိုးရိမ်နေကြတာမျိုးလဲရှိနေပါတယ်။
တူချယ်ဟာ စမတ်အကျဆုံးနည်းပြတွေထဲကတစ်ယောက်ဆိုတာအငြင်းပွားစရာမရှိ။ သို့သော် အသင်းရဲ့ လူစာရင်း ကလည်းသူ့အတွက်စိန်ခေါ်မှုတစ်ခု။ နောက်ပြီး ဇန်နဝါရီဆိုတာ ကျရှုံးလေ့ရှိတဲ့အပြောင်းအရွှေ့တွေအများကြီးဖြစ်ပေါ်လေ့ရှိတတ်တယ်။ အခြေအနေမကောင်းတဲ့အသင်းတွေဟာ တိုက်စစ်သမားတွေအသဲအသန်ခေါ်ရလေ့ရှိပြီး ကျရှုံးတာတွေလဲအများကြီးပေါ့။ အဲ့လိုအနေအထားမှာ စနစ်တကျရှိလွန်းတဲ့ မာရီယာရဲ့အပြောင်းအရွှေ့တစ်ခုကတော့ ၂၀၁၈ ဇန်နဝါရီတုန်းက ရောက်လာတဲ့ ဂျီရူးပေါ့။ အကျိုးပြုလိုက်တာမှ ဖလားတောင်ယူပေးသွားသေးတယ်။ ဒါပေမယ့် ဒီလိုအဖြစ်ကသိပ်ကိုနည်းပါတယ်။ အောင်မြင်တဲ့ ဇန်နဝါရီအပြောင်းအရွှေ့တစ်ခုအကြောင်းပြောရင် ကျရှုံးတာ ၅ ခုလောက်ပြန်ပြောပြလို့ရတာမျိုးပါ။
လက်ရှိမှာ တိုက်စစ်မှုးရှိမနေပေမယ့် တူချယ်ဟာ ဂိုးတွေရအောင်လုပ်ထားနိုင်ခဲ့ပါတယ်။ မာရီယာအတွက် တကယ့်စိန်ခေါ်မှုက အလောတကြီးခေါ်ယူမှုတွေထက် နဂိုကသူစီစဥ်ထားတဲ့အရာတွေစနစ်တကျ ဖြစ်နေဖို့ပိုလိုပါတယ်။ တိတိကျကျဆိုရရင် ကွင်းလယ်နဲ့ ခံစစ်ပိုင်းပေါ့။ မာရီယာ ဘာတွေဦးစားပေးသင့်သလဲဆိုတာ Football London ရဲ့ဆောင်းပါးရှင်က ဒန်နီယယ်ချိုင်း အခုလို ခေါင်းစဥ်ခွဲတွေနဲ့တင်ပြထားပါတယ်။
ရူဒီဂါနဲ့ ခရစ်စတန်ဆန်ရဲ့ စာချုပ်သစ်
လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အဓိက ကစားသမားနှစ်ယောက်ကို ဆက်လက်ပြီးအသင်းမှာထားရှိရေးဟာ အလွန်အရေးပါလှပါတယ်။ ခရစ်စတန်ဆန်နဲ့ကလည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထားသလိုလိုကြားရပြီး ၊ ရူဒီဂါကလည်း အသင်းမှာပျော်တယ်လို့သိရတယ်။ ဒါတွေဟာ အကြားကနေ လက်တွေ့အဖြစ် အမြန်ဆုံးအကောင်အထည်ပေါ်သွားဖို့အတွက် ပရိတ်သတ်တွေက မျှော်လင့်နေကြပါတယ်။ ဆေးလ်ဗားနဲ့ အက်စ်ပီလီကွယ်တာတို့ရဲ့ စာချုပ်နဲ့ အသက်အရွယ်အနေအထားတွေကလည်း လုပ်ဆောင်စရာရှိတာတွေကို မြန်မြန်လုပ်ဖို့ တွန်းအားပေးနေပါတယ်။
တကယ်လို မာရီယာအနေနဲ့ နှစ်ယောက်ထဲကတစ်ယောက်ကိုပဲ ဦးစားပေးရမယ်ဆိုရင်တော့ ပိုငယ်ရွယ်တဲ့ ခရစ်စတန်ဆန်ဖြစ်ဖို့များပြီးရူဒီဂါကတော့ ဆွေးနွေးမှုရလဒ်တွေကိုစောင့်ကြည့်ရမယ့်သဘောရှိပါတယ်။ ရူဒီဂါနဲ့အပေါင်းလက္ခဏာ မဆန်ခဲ့ရင်တော့ ချဲလ်ဆီးတို့လူသစ်ရှာရတော့မှာဖြစ်ပါတယ်။
ကွန်ဒီကို အရခေါ်ပါ
ကွန်ဒီကို ချဲလ်ဆီးတို့အသဲအသန်လိုချင်ခဲ့တာရှင်းပါတယ်။ ဒါပေမယ့် စပိန်ကနေ လန်ဒန်ကိုတော့မရောက်ခဲ့ပါဘူး။ ကစားသမားဖက်ကတော့ပြောင်းရွေ့ချင်နေတာ သိသိသာသာပါပဲ။ တကယ်လို့ လက်ရှိစာချုပ်ဆွေးနွေးမှုတွေသာမအောင်မြင်ခဲ့ရင်တော့ ပေါင် ၇၂ သန်းတန် ကွန်ဒီက အကောင်းဆုံးလူစားထိုးမှုဖြစ်လာမှာပါ။ တကယ်တော့ အခုလို အသင်းလက်ရှိကစားသမားတွေရဲ့ စာချုပ်ကိစ္စတွေရှိမနေတာတောင်မှ ချဲလ်ဆီးက ကွန်ဒီကို လိုချင်နေတာပါ။ ဒါက မာရီယာရဲ့ဦးစားပေးအလုပ်တွေထဲကတစ်ခုပါပဲ။
ဂီးလ်မားအတွက်ရှင်းလင်းတဲ့အနေအထားတစ်ခု
တူချယ်ကတော့ လူငယ်ကစားသမားလေးကို နေရာတစ်နေရာအတွက်တိုက်ပွဲဝင်ဖို့ပြောဆိုထားပေမယ့် ကိုယ့်အသင်းရဲ့ အလားအလာကောင်းတဲ့ကစားသမားလေးတစ်ယောက်အရံခုံထိုင်ရတယ်ဆိုတာ မာရီယာရှင်းရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ နော်ဝစ်ချ် နည်းပြနှစ်ဦးအကြားရင်းနှီးမှုရှိနေပေမယ့်လည်း ပထမကစားသမားနေရာမှာထည့်သွင်းကစားစေဖို့အထိ ဖိအားပေးဖို့တော့ခက်ပါလိမ့်မယ်။ အရံခုံထိုင်နေမယ့်အစား အသင်းမှာဆိုရင် ကစားဖို့ Option တစ်ခုအနေနဲ့ပိုအကျိုးပြုနိုင်မှာပါ။ ချဲလ်ဆီးဖက်က လေးလေးနက်နက် ကိုင်တွယ်ရမယ့် ကိစ္စတစ်ခုပါပဲ။
ချဲလ်ဆီးရဲ့အနေအထားကတော့ လတ်တလောပြသနာကိုရှင်းရဖို့ထက် ကြုံလာတော့မယ့်အရာတွေကို ကြိုတင်ပြင်ဆင်မှုတွေလုပ်ရမယ့်သဘောပါ။ သူတို့ဘယ်လောက် ဟန်ကျပန်ကျဖြေရှင်းသွားမယ်ဆိုတာကိုစောင့်ကြည့်ကြပါစို့။
Leave a Reply