တီမိုဝါနာ ၊ လူကာကူနဲ့ မေဆင်မောင့်တို့မပါဝင်နိုင်တဲ့ ချန်ပီယံလိဂ် မယ်လ်မိုနဲ့ပွဲမှာ အိုဒွိုင်းရဲ့ ချိန်သားကိုက်ပေးပို့မှုနဲ့ ဇီယက် သက်သက်သာသာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ တစ်လုံးတည်းသောအနိုင်ဂိုးရဲ့ ဖန်တီးရှင် အိုဒွိုင်းရယ်ပေါ့။ တကယ်တော့ အိုဒွိုင်းခြေစွမ်းပြနေတာ ခုပွဲမှမဟုတ်တော့ပါဘူး။ တိုက်စစ်မှုးတွေမရှိတော့ချိန်မှာ ကွင်းလယ်ကစားသမားတွေနဲ့ နောက်ခံအစွန်လူတွေအားပြုနေရတဲ့ တိုက်စစ်ပိုင်းအတွက် အိုဒွိုင်းရဲ့သက်ရောက်မှုတွေကြီးပါတယ်။
ပြီးခဲ့တဲ့လတုန်းက တူချယ်ကပြောခဲ့တာရှိပါတယ်။ သူ့ရဲ့အချို့သောဆုံးဖြတ်ချက်တွေက အိုဒွိုင်းအတွက် ကြမ်းတမ်းချင် ကြမ်းတမ်းနိုင်ပေမယ့် ပိုတိုးတက်လာဖို့အတွက်လုပ်ရပါလိမ့်မယ် … တဲ့။ ကြည့်ရတာ ပိုကောင်းလာအောင် တွန်းအားပေးမယ်ဆိုတဲ့သဘောပါပဲ။ အလားအလာကောင်းတဲ့ လူငယ်လေးဆိုတဲ့ နာမည်နဲ့ ကြာနေပြီဖြစ်တဲ့ အိုဒွိုင်း ဒီရာသီမှာတော့ တစ်ဆင့်မြင့်လာပြီလို့ ပြောနိုင်ပြီလား?
နေရာကြပ်ကြပ်တွေကနေ ထိုးဖောက်ရင်း ၃-၄ ဦးလောက်ကိုကျော်ဖြတ်သွားနိုင်တဲ့မြင်ကွင်းတွေက ဒီရာသီမှာ ခပ်စိပ်စိပ်မြင်လာရပါတယ်။ ညတုန်းက ဆိုရင် ဇီယက် နဲ့ ဘယ်ညာနေရာပြောင်းကစားသွားရင်း နည်းစနစ်ပိုင်းဆိုင်ရာလိုက်ရောညီထွေဖြစ်မှုကိုပါမြင်ရပါတယ်။ မနှစ်တုန်းက ၃၇ ပွဲကစားပြီး ၅ ဂိုးသွင်းပေးခဲ့တဲ့ အသက် ၂၀အရွယ်တောင်ပံကစားသမားလေးဟာ ဒီရာသီမှာတော့ ၁၀ပွဲကစား ၁ ဂိုးသွင်းထားပြီး တိုက်စစ်မှုးတွေမရှိချိန်မှာ ကောင်းမွန်စွာတာဝန်ထမ်းနေပါတယ်။
တယ်ရီတို့နောက်ပိုင်းအကယ်ဒမီထွက်တွေအားနဲခဲ့တဲ့ လန်ဒန်အသင်းအတွက် မေဆင်မောင့် တို့ခေတ်မှာတော့ ဒီအစဥ်အလာကိုပြန်လည်အသက်သွင်းနေပါတယ်။ အငှားချထားတဲ့ ဂယ်လက်ဂါတို့ အာမန်ဒို ဘရိုဂျာတို့ ဘီလီဂေးမားတို့ကလည်း လာမယ့်ရာသီမှာ သေချာပေါက်အစွမ်းတွေပြဖို့ရှိနေလို့ ချဲလ်ဆီးခေတ်တစ်ခုပြန်စဖို့ရှိနေပါတယ်။ ဒီသုံးသပ်ချက်က အနဲငယ်စောနိုင်ပေမယ့် ကိန်းဂဏန်းတွေရဲ့ဖော်ပြချက်အရ အလားအလာကောင်းနေပါတယ်။ အိုဒွိုင်းဟာ ဒီလှိုင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်ပါတယ်။
အသက် ၇ နှစ်ထဲက ချဲလ်ဆီးအသင်းရောက်နေခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ စီနီယာအသင်းဆီရောက်ခဲ့တဲ့အိုဒွိုင်းဟာ U – 18 အတွက်တော့ ၂၀၁၆ မှာပွဲထွက်ခဲ့တာပါ။ တိုးတက်မှုနှုန်းမြန်တဲ့ တောင်ပံကစားသမားလေးဟာ အသင်းကြီးအတွက်စုစုပေါင်း ၁၀၂ ပွဲကစားပြီး ၁၀ ဂိုးသွင်းပေးထားနိုင်ပါတယ်။ ဒီရာသီမှာတော့ တူချယ်လက်အောက်မှာ ဟာဇက်လက်သစ်လို့ ခိုင်းနှိုင်းခံရတဲ့အထိပိုစွမ်းပြထားနိုင်ပါတယ်။ စီနီယာတွေ ဒဏ်ရာကြောင့် မကစားနိုင်တာကသူ့အတွက်အခွင့်အရေးပိုဖြစ်စေပါတယ်။
၂၀၁၈-၁၉ ရာသီအတွက် အသင်းရဲ့ အကောင်းဆုံးလူငယ်ဖြစ်ခဲ့တဲ့ အိုဒွိုင်းဟာ တစ်စထက်တစ်စပိုပြီး နာမည်ရလာပြီဖြစ်ပါတယ်။ ဒါကြောင့် အလားအလာရှိတဲ့ကောင်လေးဆိုတဲ့အဆင့်ကနေ တကယ့်ကစားသမားကောင်းဖြစ်လာပြီလားဆိုတာကိုတော့ ပြောဖို့စောပေမယ့် ဒီရာသီမှာ သာ အခုအတိုင်းဆက်ပြီးခြေစွမ်းပြနိုင်ရင်တော့ အိုဒွိုင်းနောက်တစ်ဆင့်ရောက်ပြီလို့ ခပ်ရဲရဲပြောနိုင်ပါပြီ။
Leave a Reply