ရီးရဲမက်ဒရစ်မှာ ဟာဇက်မအောင်မြင်ပါ။ ဟုတ်ပါတယ်။ အားလုံးသိတယ်။
ဒါအထူးအဆန်းမဟုတ်။ ဘောလုံးလောကမှာတစ်ခုခုသောအကြောင်းကြောင့် မအောင်မြင်ကြတာ ဆိုတာရှိတတ်တာပဲ။ အထူးသဖြင့် အသင်းပြောင်းပြီး အခြေမလှဖြစ်ခဲ့တာမျိုး။ ဟာဇက်လို အဖြစ်မျိုးဖြစ်သွားတာ ကစားသမားများစွာရှိပါတယ်။ သို့သော် ရှိသင့်ရှိထိုက်သောလေးစားမှုကို မရတဲ့အခါမှာ ပရိတ်သတ်အနေနဲ့ဝမ်းနည်းရပါတယ်။
ခုရက်ပိုင်းထွက်တဲ့သတင်းများအရ ဟာဇက်ကို စိတ်ဝင်စားကြတဲ့အသင်းတွေထဲမှာ ချဲလ်ဆီးပြန်ပါလာတယ်။ ဖြစ်နိုင်ချေနဲပေမယ့်သတင်းကထွက်လာတာမို့ဖြစ်နိုင်ချေထဲထည့်ရပါမယ်။ ဘာပဲပြောပြော အရင်လို ခြေစွမ်းမပြနိုင် တော့ဘူးဆိုရင်တောင် သံယောဇဥ်တွေနဲ့ပြန်ကြည့်ရင် အပြစ်တင်မယ့် ချဲလ်ဆီးပရိတ်သတ် သိပ်ရှားမှာပါ။
ဒီနေရာမှာစိတ်မချမ်းမြေ့စရာ သတင်းအချို့တွေ့ရတယ်။ အန်ဆယ်လော့တီက ဟာဇက် ကြိုးစားနေတာသိပေမယ့် အကောင်းဆုံးပုံစံမဟုတ်လို့ ပွဲထွက်ခွင့်မပေးနိုင်ဘူးတဲ့။ လုံလောက်တဲ့အရည်အချင်းမရှိဘူးပေါ့လေ။ စိတ်မကောင်းပါ .. ဒါပေမယ့် တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ၊ ဂုဏ်သိက္ခာကြီးမားတဲ့ နည်းပြတစ်ဦးဖြစ်တဲ့ အန်ဆယ်လော့တီက ပြောတာမို့လက်ခံနိုင်တယ်။ ဒါပေမယ့် ..
Instagram နဲ့ Twitter မှာ ရီးရဲပရိတ်သတ်တွေရဲ့ ရောင်းပစ်တို့ ၊ ဝမ်းသာတယ် တို့ ၊ အမြန်သွား တို့ ဆိုတဲ့ရေးသားတာမျိုးကျ စိတ်အလွန်ထိခိုက်ရပါတယ်။ ချဲလ်ဆီးပရိတ်သတ်မဟုတ်သူ ဘောလုံး ပရိတ်သတ်အချို့တောင် ဒီအပြုအမူကိုမြင်တော့ မနှစ်မြို့ကြတာကိုတွေ့ရတယ်။ ဒါဆိုရင် ချဲလ်ဆီး ပရိတ်သတ်တွေ အတွက် ဆိုရင်ရော … ကိုယ့်အသင်းရဲ့ ဘုရင်တစ်ပါးအခြားအသင်းမှာ လေးစားမှု မရတာမျိုးကို မြင်တွေ့ရတာ အလွန်ပင်ပန်းလှပါတယ်။
လောကဓံဆိုပေမယ့် ဟာဇက်ဟာ ဘောလုံးသမားတစ်ယောက်ခြေစွမ်းကျသွားတဲ့ ရိုးရှင်းတဲ့ ဖြစ်စဥ်သာဖြစ်ပါတယ်။ ဒီထက်ပိုတဲ့လေးစားမှုတွေနဲ့ထိုက်တန်ပါတယ်။ ဒါပေမယ့်လည်း ပရိတ်သတ်ဆိုတာလဲပုံစံအမျိုးမျိုးမဟုတ်လား။
ခန့်မှန်းရသလောက်ဆိုရင်တော့ ဇန်နဝါရီမှာ ဟာဇက် တစ်သင်းသင်းကိုပြောင်းဖြစ်မှာပါ။ ကိုယ့်အသင်းပြန်ရောက် လာတာလဲဖြစ်ချင်ဖြစ်မှာပေါ့။ အဲ့ဒီအခါမှာ ခြေစွမ်းအတိုင်းအတာတစ်ခု ပြသဖို့မျှော်လင့်ပါတယ်။ အတိုင်းအတာ တစ်ခုထက်ပိုပြီး ပြန်လည်တောက်ပမယ်ဆိုရင်လဲ အတိုင်းထက်အလွန်ပေါ့။ ကြယ်ပွင့် တစ်ပွင့်ဟာ လင်းလက်သင့်သလောက် တော့လင်း လက်နေသင့်တာပဲမဟုတ်လား။ အတောင်ညောင်းနေခဲ့ပြီဆိုရင်တောင် ဟာဇက်ဆိုတာ အမြင့်ပျံခဲ့တဲ့ငှက်တစ်ကောင်ပဲလေ။
ဟာဇက်ရဲ့မှတ်တမ်းများ
၂၀၀၇-၂၀၁၂
- လိုင်လီ – ၃၆ ဂိုး
၂၀၁၂-၂၀၁၉
- ချဲလ်ဆီး – ၈၅ ဂိုး
၂၀၁၉ – ယခုထိ
- ရီးရဲ – ၄ ဂိုး
လက်ရွေးစင်အသင်း – ၃၃ ဂိုး
Leave a Reply