ရာသီအစမှာ ပုံပျက်နေတဲ့ထိပ်သီးအသင်းသုံးသင်းအနက် အာဆင်နယ်အသင်းဟာ မြို့ခံပြိုင်ဖက်ကို အနိုင်ရတဲ့ပွဲအပါအဝင် ၄ ပွဲဆက်အနိုင်ရပြီး အရှုံးတွေထဲကနေပြန်ထလာနိုင်ပါပြီ။ ဂျူဗင်တပ်အသင်း ဟာလည်း ဒဏ်ရာရကစားသမားတွေရှိနေသလို ကစားကွက်မကောင်းသေးတာကလည်း တကြောင်းပေမယ့် ဥရောပချန်ပီယံ ချဲလ်ဆီးအပါအဝင် စီးရီးအေ ၂ ပွဲကိုအနိုင်ယူပြီး ၃ ပွဲဆက်ရလဒ်ပြန်ကောင်းလာပါတယ်။ ရှုံးပွဲတွေထဲ တဝဲလည်လည်ဖြစ်နေသေးတာကတော့ ဘာစီလိုနာအသင်းဖြစ်ပါတယ်။
သူတို့အသင်းတွေရဲ့ အောက်တိုဘာလမှာရင်ဆိုင်ရမယ့် အနေအထားနဲ့ အလားအလာကို နဲနဲတီးခေါက် ကြည့်ရအောင်ပါ။ ဒီဆောင်းပါးရေးနေချိန် စက်တင်ဘာ ၃၀မှာ မှာ ဂျူဗင်တပ်နဲ့ ဘာစီလိုနာတို့က ချန်ပီယံလိဂ်ပွဲတွေကစားထားရပြီး အာဆင်နယ်ကတော့ အနားရနေပါတယ်။
အာဆင်နယ် Vs အောက်တိုဘာ

ရင်ဆိုင်ရမည့်ပြိုင်ဖက်များ
- ဘရိုက်တန် (အဝေး)
- ခရစ်တယ်ပဲလေ့စ် (အိမ်)
- အက်စတွန်ဗီလာ (အိမ်)
- လိဒ် (အိမ်)
- လက်စတာ (အဝေး)
အဆင့် ၂၀ ထိကျဆင်းသွားပြီးနောက် အခုတော့ အဆင့် ၁၀ ဆီပြန်ရောက်လာပါပြီ။ ပရိတ်သတ်တွေလဲအကောင်းတွေကို စတင်မျှော်မှန်းနေကြပါပြီ။ ပွဲစဥ်အခြေအနေအရ ဇယားကိုပါသက်ရောက်စေမယ့်ပွဲက ဘရိုက်တန်နဲ့ပွဲမှာကတည်းစနေတာပါ။
လက်ရှိ Rhythm မှန်စပြုနေပေမယ့် ရှာခါပြန်နာသွားတာကြောင့် ကွင်းလယ်မှာ Alternative လုပ်စရာကစားသမား အခက်အခဲရှိနေပါတယ်။ အထူးသဖြင့် ပါတေးပါ ဒဏ်ရာထပ်ရသွားရင် ပိုဆိုးမှာပါ။ တိုက်စစ်ကလည်း ပုံစံလုံးဝမမှန်သေးပါဘူး။ ဒီအချက်တွေဟာ အာဆင်နယ်ပရိတ်သတ်တွေအတွက်စိုးရိမ်စရာပါ။ ဒါပေမယ့် လူငယ်တွေနဲ့ အရှိန်ရစပြုနေတာ ၊ EPL အပြင်အခြားဥရောပပြိုင်ပွဲရှိမနေတာရယ်ကြောင့် တဖက်မှာ အားသာချင်ရှိနေပါတယ်။ EPL ၄ ပွဲမှာ ၇ မှတ်ကနေ ၁၀မှတ်အတွင်းရခဲ့မယ်ဆိုရင် အာဆင်နယ်တို့ ဇယားထိပ်မှာ ရပ်တည်နိုင်မယ့်အခွင့်အရေးပါပဲ။ EFL ဖလားအနေနဲ့ကတော့ လိဒ် အသင်းနဲ့တွေ့ရပါမယ်။ ဒီပွဲကိုတော့ အနိုင်မဖြစ်မနေကစားသွားမယ်လို့ ယူဆပါတယ်။ အာတီတာအတွက် ဖလားတစ်လုံးရဖို့ အရေးကြီးနေပါတယ်။
ဂျူဗင်တပ် Vs အောက်တိုဘာ

ရင်ဆိုင်ရမည့်ပြိုင်ဖက်များ
- တိုရီနို (အဝေး)
- ရိုးမား (အိမ်)
- ဇင်းနစ် (အဝေး)
- အင်တာ (အဝေး)
- ဆက်ဆူအိုလို (အိမ်)
- ဗီရိုနာ (အဝေး)
စီးရီးအေ ၅ ပွဲ နဲ့ ချန်ပီယံလိဂ် ၁ ပွဲကစားရပါမယ်။ ကစားသမားတွေဒဏ်ရာရနေကြသလို ပုံစံကောင်းလဲ မရသေးချိန်မှာ ဒီလိုပွဲစဥ်ဇယားနဲ့ကြုံရတာကတော့ ဂျူဗင်တပ် တို့ကံဆိုးတာပါပဲ။ အင်တာ ၊ ဇင်းနစ် ၊ ရိုးမား ၊ ဆက်ဆူအိုလို တို့ကို ၁၀ ရက်အတွင်း ဆက်တိုက်ကန်ရမှာကတော့ တကယ့်ကိုရင်မောစရာပါပဲ။ လက်ရှိအနေအထားကလည်း ခံစစ်အလုံပိတ်ပြီး တန်ပြန်နဲ့သာကစားနေရတာပါ။ ချဲလ်ဆီးနဲ့ပွဲမှာလည်း အနိုင်ရခဲ့ပေမယ့် တဖက်အသင်းက ကန်ခွင့်တွေအများကြီးရနေခဲ့တာပါ။ ဂျူဗင်တပ် တို့အတွက်ရင်မောစရာ အောက်တိုဘာလပါပဲ။ ဒါပေမယ့် ဖြတ်ကျော်မသွားနိုင်ဘူးလို့လဲ မဆိုနိုင်ပြန်ပါဘူး။ ချီယေဇာ ၊ လုကာတယ်လီတို့အစွမ်းပြဖို့ ၊ နောက်တန်းက ရာဘီယော့နဲ့ချီလင်နီတို့ကိုအမှားမလုပ်ဖို့ဆုတောင်းရမှာပါပဲ။
ဘာစီလိုနာ Vs အောက်တိုဘာ

ရင်ဆိုင်ရမည့်ပြိုင်ဖက်များ
- အက်သလက်တီကို (အဝေး)
- ဗလင်စီယာ (အိမ်)
- ဒိုင်နမိုကီယက် (အိမ်)
- ရီးရဲ (အိမ်)
- ဗလင်ကာနို (အဝေး)
အခြေအနေဆိုးထဲကရုန်းထနိုင်ခြင်းမရှိသေးတဲ့အပြင် ပွဲကျပ်တွေကိုပါတောက်လျှောက်ရင်ဆိုင်ရမယ့် ဘာစီလိုနာအတွက် အောက်တိုဘာလဟာ အလွန်ကြောက်စရာကောင်းနေပါတယ်။ အက်သလက်တီကို ၊ ဗလင်စီယာ နောက်ပြီး အယ်လလပ်စီကို ပွဲ .. ဘာစီလိုနာတို့အခုပုံစံနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ။ ရှေ့တန်းက ဒီပိုင်းပဲ လှုပ်နိုင်နေတယ်။ ကွင်းလယ်က ခြေစွမ်းမငြိမ်သေးတဲ့ ၊ မှန်းလို့မရသေးတဲ့ လူငယ်တွေ၊ နောက်တန်းကလဲ ဂိုးတွေပေးနေရ။ နည်းပြနဲ့ ကစားသမားတွေကြားထဲမှာလည်း မတည်ငြိမ်မှုတွေနဲ့။ ကာတာလန်ကလပ် အတွက်ကတော့ အပြောင်းအလဲကြီးကြီးမားမားတစ်ခုခုများကြုံရဦးလေမလားလို့ စောင့်ကြည့် ရပါမယ်။ ရင်မောစရာပါ။ ဒါပေမယ့် ဖာတီတို့လိုလူငယ်လေးတွေ အဆန်းတကြယ်လုပ်ပြသွားတာမျိုးလဲကြုံရနိုင်ပါသေးတယ်။ ဒီပိုင်းကလည်း လာလီဂါမှာခြေစွမ်းပြနေတာမို့မျှော်လင့်နိုင်တာတွေကတော့များပါတယ်။
ပြိုင်ပွဲတွေအရှိန်စတက်လာနေတဲ့ အောက်တိုဘာမှာ အထက်ပါ ၃ သင်းစလုံးဟာ ရင်တမမနဲ့ ဖြတ်ကျော်ရဦးမယ့် အဆင့်မှာရှိနေသေးတာကတော့ အသေအချာပါပဲ။ အောက်တိုဘာလအကုန်ကျရင် ဒီ ၃ သင်းအကြောင်းပြန်ကြည့်ကြတာပေါ့။
Leave a Reply